ကမ္ဘာ့စီးပွားရေးကျဆင်းလျက်ရှိပြီး မသေချာမရေရာသည့် အခြေအနေတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းမျိုးစုံကို ဆောင်ရွက်ရန်နှင့် ပိုမိုကျယ်ပြန့်သည့် ဒေသတွင်းချိတ်ဆက်မှုများ ဆောင်ရွက်ရန်မှာ အရေးကြီးကြောင်း၊ထို့ကြောင့် စင်ကာပူနိုင်ငံသည် ကုန်စည်၊ နည်းပညာ နှင့် ရင်းနှီးမြှုပ်နှံမှုများလွတ်လပ်စွာစီးဆင်းစေရေးအတွက် ဒေသတွင်းချိတ်ဆက်မှုအစီအစဉ်အသစ်များကို ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် မက်ဆီကို - စင်ကာပူစီးပွားရေးဖိုရမ်တွင် စင်ကာပူနိုင်ငံသမ္မတ Mr.Tharman Shanmugaratnam က ပြောကြားခဲ့ပါသည်။
စင်ကာပူနိုင်ငံသမ္မတ Mr. Tharman Shanmugaratnam ၏ပြောကြားချက်အရ Pacific Alliance-Singapore Free Trade Agreement (PASFTA)သည် အရှေ့တောင်အာရှနှင့် လက်တင်အမေရိကတို့အကြား ပင်လယ်ရေကြောင်းဖြင့် ချိတ်ဆက်မှုအသစ်များကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် တွင်လက်မှတ်ရေးထိုးခဲ့သည့် PASFTA တွင် စင်ကာပူနိုင်ငံ၊ လက်တင်အမေရိကနိုင်ငံများဖြစ်သည့် မက်ဆီကို၊ ချီလီ၊ ကိုလံဘီယာနှင့် ပီရူးစသည့်နိုင်ငံများမှာ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး စင်ကာပူ၊ ပီရူးနှင့် ချီလီနိုင်ငံတို့က စာချုပ်အသက်ဝင်ကြောင်း အတည်ပြုပြီးဖြစ်ပါသည်။
အရှေ့တောင်အာရှနှင့် လက်တင်အမေရိကဒေသကို ချိတ်ဆက်နိုင်ခြင်းကြောင့် အစားအသောက် ဆိုင်ရာစီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုအတွက် ကုန်စည်ထောက်ပံ့မှုကွင်းဆက်အသစ်များ များပြားလာခြင်း၊ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသည့် စီးပွားရေးအဖြစ် ဆောင်ရွက်လာခြင်းစသည့်သိသာထင်ရှားသောစီးပွားရေးအခွင့်အလမ်းများဖြစ်ပေါ် လာမည်ဖြစ်ကြောင်း၊ စင်ကာပူကုမ္ပဏီများသည် မက်ဆီကိုနိုင်ငံ၌ အဆင့်မြင့်ကုန်ထုတ်လုပ်ငန်းများ၊ ဆေးဝါးအသစ်၊ စက်ပစ္စည်းအသစ်နှင့် ဆေးကုသရေးနည်းလမ်းအသစ်များ၏ ထိရောက်မှုနှင့် ဘေးကင်းလုံခြုံမှုတို့ကို သုတေသနပြုလေ့လာခြင်း(clinical testing)၊ ဆိပ်ကမ်းနှင့်အခြေခံအဆောက်အအုံ၊ စွမ်းအင်စသည့်ကဏ္ဍတို့တွင် စီးပွားရေးအခွင့်အလမ်းအသစ်များကို ရှာဖွေလျက်ရှိကြောင်း၊ မက်ဆီကိုကုမ္ပဏီများသည် အာဆီယံဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် စင်ကာပူနိုင်ငံသည် ယုံကြည်စိတ်ချရသည့်နိုင်ငံအဖြစ် ယူဆကြကြောင်း” စင်ကာပူနိုင်ငံသမ္မတ Mr. Tharman Shanmugaratnam က ပြောကြားခဲ့ပါသည်။
စင်ကာပူနိုင်ငံသည် သမားရိုးကျကုန်သွယ်ရေးသဘောတူစာချုပ်များထက် ပိုမိုတီထွင်ဆန်းသစ်မှုရှိသည့် ကုန်သွယ်ရေးသဘောတူစာချုပ်များကို ချုပ်ဆိုလျက်ရှိပါသည်။ ဩစတြေးလျနိုင်ငံနှင့် သဘာဝပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေးပူးပေါင်းမှုသဘောတူစာချုပ်ကိုချုပ်ဆိုထားပြီး ချီလီ၊ နယူးဇီလန်နှင့် တောင်ကိုရီးယား စသည့် နိုင်ငံများနှင့် ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်များ ချုပ်ဆိုထားပါသည်။
လွန်ခဲ့သည့် ၅ လအတွင်း Enterprise Singapore သည် မက်ဆီကိုနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် စင်ကာပူကုမ္ပဏီ ၆၀ ကျော်ကို အကူအညီပေးခဲ့ပါသည်။ Enterprise Singapore ၏ အမှုဆောင်ဒါရိုက်တာ Mr. Clarence Hoe က “မက်ဆီကိုနိုင်ငံသည် မြောက်အမေရိကနှင့် လက်တင်အမေရိကတို့အတွက် ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်ပေးသွင်းမှုကွင်းဆက်တို့တွင် အဓိကကျကြောင်း၊ စင်ကာပူကုန်ထုတ်လုပ်ရေးကုမ္ပဏီများအတွက် လျှပ်စစ်ပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မော်တော်ယာဉ်စသည့်လုပ်ငန်းများတွင် အခွင့်အလမ်းများရှိကြောင်း၊ စားသုံးသူအရေ အတွက်တိုးလျက်ရှိပြီး အင်တာနက်လိုင်းအမြန်နှုန်းကောင်းမွန်သောကြောင့် e-commerce ၊ fintech နှင့် ကျန်းမာရေးဆိုင်ရာနည်းပညာလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စင်ကာပူနည်းပညာကုမ္ပဏီများအနေ ဖြင့် မက်ဆီကိုနိုင်ငံ၌ လုပ်ငန်းချဲ့ထွင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
စင်ကာပူနိုင်ငံသည် အာဆီယံဒေသတွင်းစီးပွားရေးချိတ်ဆက်မှု အားကောင်းစေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် လက်တင်အမေရိကဈေးကွက်တွင် ၎င်း၏စီးပွားရေးလုပ်ငန်းများတိုးချဲ့ဝင်ရောက်နိုင်ရေးအတွက် ဆောင် ရွက်လျက်ရှိပါသည်။
ရင်းမြစ်။ The Straits Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)