International News

ထိုင်းနိုင်ငံ၏ ပုစွန်တင်ပို့မှုသည် ၂၀၂၆ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း Thai Shrimp Association က သုံးသပ်ပြောကြားခဲ့

Last Updated:

ယှဉ်ပြိုင်ဖက်နိုင်ငံများအတွက် အားနည်းစေနိုင်သော အမေရိကန်အခွန်ကြောင့် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ပုစွန်ပို့ကုန်သည် တန်ချိန် ၄၀၀,၀၀၀ ထိရောက်ရှိနိုင်ပြီး ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု Thai Shrimp Association က သုံးသပ်ထားကြောင်း ဗန်ကောက်ပို့စ်သတင်း စာတွင် “Shrimp exports forecast to claw back next year” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်သည် ထိုင်းပုစွန်အပေါ် အခွန် ၁၉ ရာခိုင်နှုန်းကောက်ခံခဲ့ပြီး အဓိကပြိုင်ဘက်များဖြစ်သည့် ဗီယက်နမ်ပုစွန်အပေါ် ၂၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားပုစွန်အပေါ် ၁၉ ရာခိုင်နှုန်းကောက်ခံခဲ့ရာ အမေရိကန်ဈေးကွက်အတွင်း ထိုင်းနိုင်ငံ၏ယှဉ်ပြိုင်နိုင်မှုကို ထိန်းထားနိုင်ကြောင်း၊ အမေရိကန်ဈေးကွက်တွင် ၃၀ ရာခိုင်နှုန်း တန်ချိန် ၃၀၀,၀၀၀ ထိရရှိထားသည့် အိန္ဒိယနိုင်ငံသည် anti-dumping နှင့် countervailing အခွန်တွေ့ကြုံနေလျက်ရှိရာ စုစုပေါင်းတွင် ပျမ်းမျှ ၆၀ ရာခိုင်နှုန်းကျော်ဖြစ် ကြောင်း၊ ယင်းကြောင့် အိန္ဒိယ၏ယှဉ်ပြိုင်နိုင်မှုကို လျော့နည်းခန့်မှန်းနိုင်ရာ ထိုင်းနိုင်ငံအနေဖြင့် ပုစွန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ပါက ကွာခြားချက်ကို ဖြည့်နိုင်မည့် အခွင့်အလမ်းရှိပါကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံသည် ၁ နှစ်လျှင် ပုစွန်တန်ချိန် ၂၇၀,၀၀၀ ထုတ်လုပ်လျက်ရှိပါ‌ကြောင်း အသင်းဥက္ကဋ္ဌ Mr. Ekapoj Yodpinit က ပြောကြားခဲ့သည်။

ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ညှိနှိုင်းမှုသည် အပြီးသတ်သို့ ရောက်ရှိခဲ့ပါက ယင်းဈေးကွက်သို့ ပုစွန်တန်ချိန် ၆၀,၀၀၀ တင်ပို့နိုင်သည့် အခွင့်အလမ်းရှိပါကြောင်း၊ ယင်းအခွင့် အရေးသည် GSP ခံစားခွင့်သက်တမ်းကုန်ဆုံးခဲ့သဖြင့် ဆုံးရှုံးသွားခဲ့သော တန်ချိန် ၃၀၀ အတွက်ပြန်လည်ရရှိခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့ဝယ်လို အားမြင့်တက်လာသော်လည်း ထိုင်းနိုင်ငံ၏ ပုစွန်ထုတ်လုပ်မှုသည် တန်ချိန် ၆၄၀,၀၀၀ မှ ၁၃ နှစ်တာကာလအတွင်း တန်ချိန် ၂၇၀,၀၀၀ သို့ သိသိသာသာကျဆင်းခဲ့ရခြင်းမှာ ရောဂါပိုးမွှားကြီးမားစွာ ပျံ့နှံ့ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ပုစွန်ကဏ္ဍကို ပြန်လည်ထိန်းသိမ်းရန် အစိုးရအနေ ဖြင့် ဘတ် ၅.၄ ဘီလီယံလျာထားဆောင်ရွက်စေလိုကြောင်း၊ လာမည့်ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းမည့်အစိုးရထံ ပုစွန်ကဏ္ဍကို နိုင်ငံအဆင့်ဆောင်ရွက်မည့် အစီအစဉ်အတွင်းထည့်သွင်းရန် အမှာစာပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လျာထားရန်ပုံငွေသည် ရောဂါထိန်းချုပ်ရန် သုတေသနအတွက် အထောက်အကူပြုရန်၊ မွေးမြူရေးသားပေါက်များဖွံ့ဖြိုးတိုးတက်ရန်၊ အစာကုန်ကျစရိတ်လျှော့ချရန်နှင့် မွေးမြူရေးခြံစွမ်းဆောင်ရည်မြှင့်တင်ရန်ဖြစ်ကြောင်း၊ ရည်မှန်းချက်မှာ ထုတ်လုပ်မှုကို တန်ချိန် ၄၀၀,၀၀၀ သို့ ပြန်လည်မြှင့်တင်ရန်နှင့် ပို့ကုန်တန်ဖိုးကို ၂၀၁၁ ခုနှစ်တွင် မှတ်တမ်းဝင်ခဲ့သည့်အတိုင်း ဘတ် ၁၀၀ ဘီလီယံရရှိရန်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ထိုင်းပုစွန်ထုတ်လုပ်မှုသည် ယခင်နှစ်ကိန်းဂဏန်းအတိုင်း တန်ချိန် ၂၇၀,၀၀၀ ဖြစ်ကြောင်း၊ ပထမ ၁၀ လအတွင်း ပုစွန်တင်ပို့မှုသည် တန်ချိန် ၁၁၂,၀၀၀ ဖြစ်ရာ ပမာဏနှင့်တန်ဖိုးတွင် ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တစ်နှစ်ပတ်လုံးတွင် စုစုပေါင်းတင်ပို့မှုကို တန်ချိန် ၁၂၆,၀၀၀ သို့ရောက်ရှိရန်မှန်းထားပြီး တန်ဖိုးအားဖြင့် ဘတ် ၃၀ ဘီလီယံဖြစ် ကြောင်း၊ ကျဆင်းရခြင်းမှာ ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့ပြီး အဓိက ဈေးကွက်များဖြစ်သည့် ဂျပန်၊ တရုတ်နှင့် အမေရိကန်တို့ကိုလည်း ထိခိုက်ခဲ့သောကြောင့်ဖြစ်ကြောင်း Mr. Ekapoj က သုံးသပ်ထားပါ သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News