၂၀၂၅ ခုနှစ်တွင် ရုရှားသည် အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ ဓာတ်မြေသြဇာတန်ချိန် ၅ သန်းစီ တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း ရုရှားဓာတ်မြေဩဇာထုတ်လုပ်သူများအသင်း(Russian Association of Fertilizer Producers- RAFP) ဥက္ကဋ္ဌ Mr. Andrey Guryev က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ ဓာတ်မြေသြဇာထောက်ပံ့မှုနှုန်းကို ၂၀၂၄ ခုနှစ်၏ စံချိန်တင်မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဓာတ်မြေသြဇာတင်ပို့မှုစုစုပေါင်းတန်ချိန် ၄ ဒသမ ၇ သန်းရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ စုစုပေါင်းတင်ပို့နိုင်မှုသည် တန်ချိန် ၂ ဒသမ ၇ သန်းရှိခဲ့ကြောင်း Mr. Andrey Guryev က ပြောကြားသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ပထမခြောက်လအတွင်း ရုရှားမှ အိန္ဒိယနိုင်ငံသို့ ဓာတ်မြေသြဇာတင်ပို့မှုမှာ ၂၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၂ ဒသမ ၅ သန်းရှိခဲ့သည်။ အဆိုပါတင်ပို့မှုနှုန်းသည် နှစ်ကုန်တွင် တန်ချိန် ၅ သိန်းခန့်အထိ စံချိန်တင်မှတ်တမ်းကို ရရှိစေမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။
အိန္ဒိယ၊ တရုတ်၊ ဘရာဇီးနှင့် လက်တင်အမေရိကနိုင်ငံများသို့ ရုရှားဓာတ်မြေသြဇာတင်ပို့မှုများ နှစ်စဉ် ၂၀ ရာခိုင်နှုန်းဖြင့် တိုးတက်လာသည်ကိုတွေ့မြင်ရကြောင်း၊ BRICS နိုင်ငံများနှင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများသို့ ဓာတ်မြေဩဇာများတင်ပို့မှုပမာဏအလွန်ကြီးမားစွာပြောင်းလဲလာနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇူလိုင်လအထိ ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာတင်ပို့မှုပမာဏသည် ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၂၆ ဒသမ ၁ သန်းအထိတိုးတက်ခဲ့ကြောင်း သိရှိသည်။
ရုရှားနိုင်ငံသည် ကမ္ဘာ့ဓာတ်မြေဩဇာစျေးကွက်တွင် ဦးဆောင်သူဖြစ်ပြီး ၎င်း၏ ဝေစုသည် ၁၈ ရာခိုင်နှုန်းအထိရှိလာခဲ့သည်။ ရုရှားနိုင်ငံမှ ထုတ်လုပ်သူများသည် ၂၀၁၃ ခုနှစ်မှစတင်၍ ဓာတ်မြေသြဇာတင်ပို့မှုကို ၆၀ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး ယခင်နှစ်တွင် တန်ချိန် ၄၂ သန်းအထိတင်ပို့နိုင်ခဲ့သည်။ ယခုနှစ်တွင် ပြည်ပသို့ တင်ပို့မှုတန်ချိန် ၄၄ သန်းအထိ စံချိန်တင်တိုးမြှင့်သွားရန် မျှော်မှန်းထားသည်။
Source : https://ria.ru/20250901/udobreniya-2038809145.html
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)