International News

ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)နှင့် အာဆီယံကြား ၂၀၂၄ ခုနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂ ဘီလီယံအထိရှိ

Last Updated:

ဥရောပအာရှစီးပွားရေးသမဂ္ဂ(Eurasian Economic Union-EAEU)နှင့် အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံများအကြား ၂၀၂၄ ခုနှစ်တွင် ကုန်သွယ်မှုပမာဏသည် ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၁ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း Eurasian Economic Commission (EEC)၏တရားဝင်ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

EAEU အဖွဲ့ဝင်နိုင်ငံများအတွက် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် မဟာ ဗျူဟာမြောက်ဦးစားပေးလမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် EAEU နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂ ဘီလီယံထိရှိခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၁ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပမာဏသည် ပူးပေါင်းဆောင်ရွက်မှု၏ လက်တွေ့ထိရောက်မှုကို ပြသနေကြောင်းဖြင့် ဥရောပအာရှစီးပွားရေးကော်မရှင် (Eurasian Economic Commission-EEC)ဥက္ကဋ္ဌ Mr. Bakytzhan Sagintayev နှင့် အာဆီယံအတွင်းရေးမှူးချုပ် Mr. Kao Kim Hourn တို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး(Shanghai Cooperation Organisation-SCO SUMMIT 2025 Plus)အတွင်းတွင် တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ Mr. Bakytzhan Sagintayev က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ၂၀၂၆-၂၀၃၀ ခုနှစ်အထိ EEC နှင့်အာဆီယံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်မူကြမ်းကို ဆွေးနွေးခဲ့ကြပြီး ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် ရည်မှန်းထားကြသည်။ ယင်းအပြင် EAEU အား အာဆီယံဆွေးနွေးဖက်နိုင်ငံအဖြစ် သတ်မှတ်ရန်အလားအလာကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

EAEU(ရုရှား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ အာမေးနီးယား)နှင့် အာဆီယံအကြား နားလည်မှုစာချွန်လွှာ(MoU)ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ EAEU သည် မြန်မာနိုင်ငံအပါအဝင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာကို လက်မှတ်ရေးထိုးထားသည်။ လာအို၊ ဖိလစ်ပိုင်၊ မလေးရှားတို့နှင့် တရားဝင်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် ဗီယက် နမ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(Free Trade Agree ments-FTA)ကို ၂၀၁၅ ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လတွင် အင်ဒိုနီးရှားနိုင်ငံနှင့် FTA လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားသည်။

Source :        https://tass.ru/ekonomika/24923335

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News