အိန္ဒိယအစိုးရဉာဏ်ကြီးရှင်များအဖွဲ့ဖြစ်သော NITI Aayog သည် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုလျှော့ချရန်နှင့် ကိုယ်တိုင်ဖူလုံမှုရရှိစေရန်အတွက် ဘက်စုံချဉ်းကပ်သည့်မဟာဗျူဟာကို ချမှတ်ရန်အဆိုပြုခဲ့ကြောင်း သိရသည်။ အဆိုပါမဟာဗျူဟာသည် တန်ဖိုးမြှင့်တင်ခြင်း၊ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုများလျှော့ချခြင်း၊ စိုက်ပျိုးဧရိယာတိုးချဲ့ခြင်းနှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းတို့အပေါ် အာရုံစိုက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု The Economic Times သတင်းစာက ယခုလ ၅ ရက်နေ့တွင် ဖော်ပြထားသည်။
"ပဲမျိုးစုံထုတ်လုပ်မှုမှာ ကိုယ်တိုင်ဖူလုံမှုရရှိခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ မြေဆီလွှာကျန်းမာရေးအတွက် အရေးကြီးပါတယ်" ဟု Aayog က ယခုလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၎င်း၏ 'Strategies and Pathways for Accelerating Growth In Pulses Towards the Goal of Atmanirbharta' အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ပဲမျိုးစုံကိုယ်တိုင်ဖူလုံမှုရရှိစေရန်အတွက် မူဝါဒလမ်းပြမြေပုံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေတွင်ကြေညာခဲ့သော ပဲမျိုးစုံဆိုင်ရာရည်မှန်းချက်(Pulses Mission)ကို အကောင်အထည်ဖော်ရန် အစိုးရ၏ ရည်ရွယ်ချက်နှင့်ကိုက်ညီကြောင်း သိရသည်။ အဆိုပါမစ်ရှင်သည် ပဲမျိုးစုံကိုယ်တိုင်ဖူလုံမှုရရှိစေရန် ရူပီးကုဋေ ၁,၀၀၀ ခွဲဝေချထားပေးထားသည့် ခြောက်နှစ်တာအစိုးရ၏ အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရသည်။၎င်းသည် တောင်သူများအတွက် အနိမ့်ဆုံးပံ့ပိုးစျေး(MSP)ကို အာမခံခြင်း၊ရိတ်သိမ်းပြီးနောက် သိုလှောင်မှုဆိုင်ရာဖြေရှင်းချက်များပံ့ပိုးပေးခြင်းနှင့် ရာသီ ဥတုဒဏ်ခံနိုင်သော မျိုးစေ့များမြှင့်တင်ခြင်းတို့ဖြင့် အထူးသဖြင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးတို့၏ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။
အဓိက မဟာဗျူဟာများနှင့် ပစ်မှတ်များ
Aayog ၏အစီရင်ခံစာအရ အဆိုပါမဟာဗျူဟာများကို ထိရောက်စွာအကောင် အထည်ဖော်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံထုတ်လုပ်မှုကို သိသိသာသာမြှင့်တင်နိုင်ပြီး စုစုပေါင်းထုတ်လုပ်မှုကို တန်ချိန် ၂၀ ဒသမ ၁၀ သန်းအထိတိုးမြှင့်နိုင်ခြေရှိကြောင်း တွေ့ရှိရသည်။
"အဆိုပါသိသာထင်ရှားသော တိုးတက်မှုသည် လက်ရှိတန်ချိန် ၄ ဒသမ ၇၃၉ သန်းရှိသော ပဲမျိုးစုံတင်သွင်းမှုအပေါ် မှီခိုမှုကို လျှော့ချနိုင်ရုံသာမက ၂၀၃၀ ခုနှစ်တွင် ခန့်မှန်းထားသော တန်ချိန် ၁၅ ဒသမ ၇၄ သန်းရှိသည့် လိုအပ်ချက်ကွာဟမှုကိုလည်းဖြည့်ဆည်းပေးနိုင်ပြီး အိန္ဒိယနိုင်ငံကို ပဲမျိုးစုံကဏ္ဍတွင် ကိုယ်တိုင်ဖူလုံသောနိုင်ငံအဖြစ် တည်ထောင်နိုင်ခြေရှိသည်"ဟုအစီရင်ခံစာတွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတင်သွင်းမှုတန်ချိန် ၆ ဒသမ ၅ သန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။
မူဝါဒဆိုင်ရာ အကြံပြုချက်များ
အဆိုပါမူဝါဒလမ်းပြမြေပုံ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Aayog သည် ပဲမျိုးစုံစိုက်ပျိုးဧရိယာကို ထိန်းသိမ်းထားရှိရန်အဆိုပြုခဲ့ပြီး ပြည်နယ် ၁၀ ခုရှိ ဆန်စိုက်ပျိုးပြီးနောက် လွတ်နေသောစုစုပေါင်းဧရိယာ၏ သုံးပုံတစ်ပုံအထိ ထုတ်လုပ်မှုကို ကွဲပြားအောင်ဆောင်ရွက်ဖို့လည်း အဆိုပြုခဲ့ကြောင်းသိရသည်။ "၎င်းသည် ပြည်တွင်းထုတ်လုပ်မှုကို သိသိသာသာမြှင့်တင်နိုင်ပြီး ပဲမျိုးစုံထွက်ရှိမှုတန်ချိန် ၂ ဒသမ ၈၅ သန်းအထိ တိုးလာနိုင်သည်ဟုခန့်မှန်းရသည်" ဟု ၎င်းက ပြောကြားခဲ့သည်။
Aayog အစီရင်ခံစာက အောက်ပါတို့ကိုလည်း အဆိုပြုခဲ့ကြောင်း သိရသည်-
(က) အရည်အသွေးမြင့်မျိုးစေ့များ အသုံးပြုခြင်း။
(ခ) တောင်သူထုတ်လုပ်သူအဖွဲ့အစည်းများ(FPOs)ကို ခိုင်မာအောင်ဆောင်ရွက်ခြင်း။
(ဂ) စျေးနှုန်းပံ့ပိုးမှုနှင့် ဈေးကွက်ဝင်ရောက်စွက်ဖက်မှုများ အကောင်အထည်ဖော်ခြင်း။
(ဃ) ပဲမျိုးစုံကို ပြည်သူ့ဖြန့်ဖြူးရေးစနစ်ထဲသို့ ပေါင်းစပ်ထည့်သွင်းခြင်း။
ထို့အပြင် အဆိုပါအစီရင်ခံစာသည် နိုင်ငံ၏ ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးတွင် ပဲမျိုးစုံအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း ဖော်ပြထားကြောင်း သိရသည်။
Source: The Economic Times, NITI Aayog Outlines Roadmap to Cut Pulses Imports, September 5, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)