International News

ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့မှုကြောင့် ဂျပန်ကုမ္ပဏီ Idemitsu Kosan ၏ Ethylene ထုတ်လုပ်မှုမှာ ရပ်ဆိုင်းနိုင်

Last Updated:

ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့မှုကြောင့် အရှေ့အလယ်ပိုင်းဒေသမှ ကုန်ကြမ်းတင်သွင်းနိုင်မှုမရှိပါက ဂျပန်လောင်စာဆီကုမ္ပဏီ Idemitsu Kosan အနေဖြင့် Ethylene ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း Idemitsu Kosan ကုမ္ပဏီမှ ၎င်း၏မိတ်ဖက်လုပ်ငန်းရှင်များထံ အကြောင်းကြားခဲ့ကြောင်း ၇-၃-၂၀၂၆ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Hormuz closure risks halt in Idemitsu’s Japan ethylene production” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့မှုကြောင့် Idemitsu Kosan ကုမ္ပဏီ၏ ယာမဂုချိပြည်နယ်နှင့် ချိဘပြည်နယ်တို့ရှိ စက်ရုံများတွင်  Ethylene ထုတ်လုပ်နိုင်မှုအပေါ် စိန်ခေါ်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်း၊ Ethylene ကို Idemitsu Kosan ကုမ္ပဏီ၏ ယာမဂုချိပြည်နယ်ရှိ စက်ရုံမှ ၆၂၀,၀၀၀ မက်ထရစ်တန်နှင့် ချိဘပြည်နယ်ရှိ စက်ရုံမှ ၃၇၀,၀၀၀ မက်ထရစ်တန်ထုတ်လုပ် နိုင်လျက်ရှိကြောင်းနှင့်အဆိုပါစက်ရုံ ၂ ခု၏ ထုတ်လုပ်နိုင်မှုပမာဏမှာ ဂျပန်နိုင်ငံ၏ Ethylene ထုတ်လုပ်မှု၏ ၁၆ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိကြောင်းနှင့် Ethylene ကို ထုတ်လုပ်ရာတွင် Naphtha  ကုန်ကြမ်းကို အသုံးပြု၍ ထုတ်လုပ်ရကြောင်း ဖော်ပြထားပါသည်။

Ethylene သည် ပလပ်စတစ်ကုန်ကြမ်းအမျိုးအစားတစ်ခုဖြစ်ပြီး၊ ၎င်းကို မော်တော်ယာဉ်၊ အိမ်သုံးပစ္စည်းအစရှိသည်မှသည် စားသောက်ကုန်ထုပ်ပိုးပစ္စည်းများအထိ အမျိုးမျိုးသောထုတ်ကုန်များတွင် အသုံးပြုလျက်ရှိကြောင်း၊ Idemitsu Kosan ကုမ္ပဏီ၏ ချိဘစက်ရုံတွင် ရေနံစိမ်းကို သန့်စင်လျက်ရှိကြောင်းနှင့် ထိုသို့သန့်စင်ရာမှ ထွက်ရှိသည့် Naphtha ကိုလည်း ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ရေနံစိမ်းကို ၂၅၀ ရက်နီးပါးစာသိုလှောင်ထားလျက်ရှိကြောင်းနှင့် Naphtha ကို ရက် ၂၀ စာသာအရန်သိုလှောင်ထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် Ethylene ကို စက်ရုံ ၁၂ ခုတွင် ထုတ်လုပ်လျက်ရှိပြီး၊ အဆိုပါစက်ရုံများမှ နှစ်စဉ် Ethylene ၆.၁၆ သန်းတန်ထုတ်လုပ်နိုင်လျက်ရှိကြောင်း၊ Ethylene ထုတ်လုပ်သည့် ဂျပန်ကုမ္ပဏီများအနေဖြင့် Naphtha ကုန်ကြမ်းကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းလျက်ရှိကြောင်းနှင့် ပါရှန်ပင်လယ်ကွေ့တွင် တင်းမာမှုများဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက ကုမ္ပဏီများအနေဖြင့် ထုတ်လုပ်မှုကိုရပ်ဆိုင်းခြင်း (သို့မဟုတ်)လျှော့ချခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

Mitsui Chemicals အနေဖြင့် ချိဘနှင့်အိုဆာကာပြည်နယ်များတွင် စက်ရုံ ၂ ရုံ လည်ပတ် လျက်ရှိကြောင်းနှင့် Mitsui Chemicals အနေဖြင့်လည်း Naphtha ကုန်ကြမ်းရရှိမှုကြာမြင့်နိုင်မှုအပေါ် လေ့လာမှုများပြုလုပ်လျက်ရှိကြကြောင်းနှင့် Naphtha ကို အရှေ့အလယ်ပိုင်းဒေသအပြင် အခြားသောဒေသများမှ တင်သွင်းနိုင်ရေးလည်း စီစဉ်လျက်ရှိကြောင်း၊ Cosmo Energy ၏ ချိဘ ပြည်နယ်ရှိ Maruzen Petrochemical စက်ရုံအနေဖြင့် ကုန်ကြမ်းလက်ကျန်အရ မတ်လအတွင်း ထုတ်လုပ်မှုလုပ်ငန်းများကို ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အရှေ့အလယ်ပိုင်းဒေသမှ Naphtha ရရှိမှုအခက်အခဲများကြောင့် Ethylene ထုတ်လုပ်သူများအနေဖြင့် ရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီချက်များတွင် ၎င်းတို့၏ထိန်းချုပ်မှုကို ကျော်လွန်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် Force Majure ဆိုင်ရာဖော်ပြချက်များ ထပ်မံဖြည့်စွက်ရန်လိုအပ်လျက်ရှိကြကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးရေနံဓာတုကုမ္ပဏီဖြစ်သည့် Chandra Asri Pacific အနေဖြင့် ပြည်တွင်းကုမ္ပဏီများ၏ ထုတ်လုပ်မှုများအပေါ် Force Majure အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ကြောင်းနှင့် Naphtha တင်သွင်းမှုစုစုပေါင်း၏ ထက်ဝက်နီးပါးကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းရလျက်ရှိသော စင်ကာပူအခြေစိုက် Ethylene ထုတ်လုပ်သူ PCS အနေဖြင့်လည်း Force Majure အဖြစ် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News