(၃၀)ကြိမ်မြောက် အာဆီယံ–ကိုရီးယားဆွေးနွေးဖက်ဆက်ဆံရေး(ASEAN-ROK Dialogue) အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ မှ ၇ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်ဦးဆောင်သောမြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံနှင့်အတူ ထိုင်းနိုင်ငံက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား Comprehensive Strategic Partnership(CSP)အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ကာ ၂၀၂၆–၂၀၃၀ အတွက် ASEAN–ROK Plan of Action အကောင်အထည်ဖော်ဆောင်ရွက်ရန်လျာထားမှု များနှင့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။
အစီအစဉ်အရ အစည်းအဝေးတွင် ASEAN–Korea Free Trade Agreement (AKFTA)အဆင့်မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဒီဂျစ်တယ်စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်(Supply Chain)ခိုင်မာရေး၊ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
အစီအစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်သည် အာဆီယံ–ကိုရီးယားဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ပြန်လည်သုံးသပ်မှုနှင့် အနာဂတ်ဦးတည်ချက်များ ခေါင်းစဉ်အောက်ရှိ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု(Socio-Cultural Cooperation)ကဏ္ဍတွင် ဒေသတွင်းကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု(Regional Health Cooperation) ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် “မြန်မာနိုင်ငံသည် လက်ရှိ၌ ASEAN+3 SOMHD(အာဆီယံအပေါင်းသုံးနိုင်ငံအဆင့်မြင့်ကျန်းမာရေးဖွံ့ဖြိုးမှုဆိုင်ရာအရာရှိကြီးများအစည်း အဝေး)၏ဒုတိယဥက္ကဋ္ဌအဖြစ် ဒေသတွင်းကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၂၇ ခုနှစ်တွင်ကျင်းပမည့် (၂၁)ကြိမ်မြောက် SOMHD နှင့်(၆)ကြိမ်မြောက် ASEAN-ROK SOMHD အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရေး ပြင်ဆင်ထားရှိမှုနှင့် ဒေသတွင်းကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် အနာဂတ်၌ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားသင့်သည့်အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။
ဒေသတွင်းနှင့်နိုင်ငံတကာအထူးကိစ္စရပ်များနှင့်ပတ်သက်၍ အဖွဲ့ဝင်များအကြား ဆွေးနွေးရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်တိုးတက်နေသည့်အခြေအနေများ၊ အစိုးရ၏ရက်(၁၀၀)လုပ်ငန်းစဉ် လုပ်ဆောင်နေမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအား နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို အပြုသဘောဆောင်သော ရှုမြင်သုံးသပ်မှုဖြင့် ချဉ်းကပ်ပေးရန်နှင့်အပြန်အလှန်လေးစားမှု၊ ပြည်တွင်းရေးမစွက်ဖက်မှုအခြေခံမူများအပေါ်အခြေ ခံ၍ပူးပေါင်းဆောင်ရွက်သွားရန် အလေးထားပြောကြားခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ဆိုးလ်မြို့၊ ASEAN Korea Centre (AKC)၌ကျင်းပခဲ့သည့် ASEAN Coordination Meeting သို့တက်ရောက်ခဲ့ပြီး၊ ASEAN–Korea Centre ရှိ ASEAN Panorama ပြခန်းလေ့လာခြင်း၊ ညပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက တည်ခင်းသည့်ညစာစားပွဲသို့ တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ယခုကျင်းပသည့် ASEAN-ROK Dialogue သည် အာဆီယံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား Comprehensive Strategic Partnership ကိုပိုမိုခိုင်မာစေရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားနိုင်ရေးအတွက် ကျင်းပခဲ့သည့်အစည်းအဝေးဖြစ်ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးနှင့်အတူ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံမှူး ဒေါ်နော်ဥမ္မာခိုင်၊ စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူနှင့် သံမှူးဒေါ်သွယ်သွယ်အောင်တို့ပါဝင်ခဲ့ပါသည်။
(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)