အမေရိကန်နှင့်အီရန်အကြား ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုပြိုကွဲသွားပြီးနောက် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)အနီးတွင် ကုန်တင်သင်္ဘောများတိုက်ခိုက်ခံရမှုများဖြစ်ပွားခဲ့ရာ အမေရိကန်က အီရန်၏စစ်ရေးပစ်မှတ်(၈၀)ကျော်အား ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် အမေရိကန်သမ္မတ Donald Trump က စစ်ပွဲကို ရေရှည်ဆင်နွှဲရန်မရည်ရွယ်ကြောင်း ပြောကြားခဲ့သော်လည်း လိုအပ်ပါက ထပ်မံတိုက်ခိုက်သွားမည်ဟု သတိပေးခဲ့သဖြင့် ဒေသတွင်းတင်းမာ မှုများနှင့် ဈေးကွက်၏မရေရာမှုများ ဆက်လက်မြင့်မားလျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်၏အဓိကစိုးရိမ်မှုမှာ ကမ္ဘာ့ရေနံတင်ပို့မှု၏ငါးပုံတစ်ပုံခန့်ဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြား၌ ရေကြောင်းပို့ဆောင်ရေးအနှောင့်အယှက်များဖြစ်ပေါ်လာနိုင်သဖြင့် သင်္ဘောပြေးဆွဲမှု၊ ရေကြောင်းအာမခံနှင့်ထောက်ပံ့ရေးကွင်းဆက်(Global Supply Chain) ကုန်ကျစရိတ်များမြင့်တက်လာနိုင်မှုအခြေအနေကို ဈေးကွက်က စောင့်ကြည့်လျက်ရှိပါသည်။
အဆိုပါအခြေအနေကြောင့် Brent ရေနံဈေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈.၈၀ ခန့်နှင့် WTI ရေနံဈေးသည် ၇၄.၂၆ ဒေါ်လာခန့်သို့မြင့်တက်ခဲ့ပြီး စွမ်းအင်ဈေးနှုန်းများဆက်လက်မြင့်တက်ပါက ကမ္ဘာလုံးဆိုင်ရာ ငွေဖောင်းပွမှုဖိအားများပြန်လည်မြင့်တက်လာနိုင်ကြောင်း သုံးသပ်လျက်ရှိပါသည်။ ကိုရီးယားသမ္မတနိုင်ငံသည် အရှေ့အလယ်ပိုင်းမှ ရေနံတင်သွင်းမှုအပေါ် အဓိကမှီခိုနေရသဖြင့် လက်ရှိအခြေအနေသည် စွမ်းအင်တင်သွင်းစရိတ်၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ငွေကြေး ဖောင်းပွမှုအပေါ် ဖိအားများတိုးလာစေနိုင်ပြီး ပို့ကုန်အခြေပြုစက်မှုလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းအပေါ်လည်း သက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်ထားသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ပြည်ပမှ အဓိကတင်သွင်းနေရသဖြင့် အမေရိကန်–အီရန်တင်းမာမှုများကြောင့် နိုင်ငံတကာရေနံဈေးနှုန်းများဆက်လက်မြင့်တက်လာပါက လောင်စာဆီတင်သွင်းကုန်ကျစရိတ်များမြင့်တက်လာနိုင်ပြီး သယ်ယူပို့ဆောင်ရေး၊ကုန်ထုတ်လုပ်မှုနှင့် သွင်းကုန်အခြေခံစားသုံးကုန်စည်ပစ္စည်းများ၏ ဈေးနှုန်းများအပေါ် ဖိအားသက်ရောက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။
လက်ရှိတွင် ဈေးကွက်စောင့်ကြည့်သူများသည် စစ်ရေးဖြစ်စဉ်ထက် ပဋိပက္ခများကြောင့်ဖြစ်ပေါ် လာမည့်မရေရာမှုများအပေါ် ပိုမိုအာရုံစိုက်လျက်ရှိသဖြင့် အမေရိကန်–အီရန်အခြေအနေ၊ ဟော်မုဇ်ရေလက်ကြား ၏ရေကြောင်းပို့ဆောင်ရေးနှင့် နိုင်ငံတကာရေနံဈေးနှုန်းအပြောင်းအလဲများသည် လာမည့်ကာလအတွင်း ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင်လုံခြုံရေးအတွက် ဆက်လက်စောင့်ကြည့်ရမည့် အဓိကအချက်များဖြစ်လာနိုင်ပါ သည်။
သတင်းရင်းမြစ်။ Yonhap News Agency Website၊ The Korea Times Website (9.7.2026) Bottom of Form
(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)