International News

စင်ကာပူလေကြောင်းလိုင်းနှင့် တရုတ်လေကြောင်းလိုင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုများတိုးမြှင့်ရန်ရည်ရွယ်၍ နားလည်မှုစာချွန်လွှာတစ်ခုလက်မှတ်ရေးထိုး

Last Updated:

စင်ကာပူလေကြောင်းလိုင်း(Singapore Airlines–SIA)နှင့် တရုတ်လေကြောင်းလိုင်း(Air China) တို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ(MOU)တစ်ခုကို ၂၉-၆-၂၀၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း Channel News Asia(CNA) သတင်းဌာနက ဖော်ပြထားပါသည်။

အဆိုပါ MOU ပါအချက်များအရ စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံ၏ တိုက်ရိုက်အုပ်ချုပ်မှုနယ်မြေတို့အကြား လေကြောင်းခရီးစဉ်များအပြင် အခြားသောနိုင်ငံ/ဒေသများသို့ လေကြောင်းခရီးစဉ်များတိုးချဲ့ပြေးဆွဲရန် အလားအလာရှိကြောင်း၊ လေကြောင်းလိုင်းနှစ်ခုပူးပေါင်း၍ ဈေးကွက်ရှာဖွေခြင်းနှင့် အကျိုးအမြတ်များမျှဝေခံစားသည့် သဘောတူညီချက်များကိုလည်း ပြင်ဆင်ဆောင်ရွက်သွားရန်ရှိကြောင်း၊အဆိုပါဆောင်ရွက် ချက်များသည် လက်ရှိကျင့်သုံးနေသည့် လေကြောင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိကြောင်း၊ မြေပြင်၌ ဝန်ဆောင်မှုပေးခြင်း၊ အစားအသောက်ဝန်ဆောင်မှုနှင့် လေယာဉ်ပျံသန်းစဉ် ဝန်ဆောင်မှုပေးခြင်းတို့အတွက် အလေ့အကျင့်ကောင်းများ အပြန်အလှန်ဝေမျှသွားမည်ဖြစ်ကြောင်း၊ SIA နှင့် Air China သည် စင်ကာပူနိုင်ငံနှင့် ပေကျင်း၊ ချန်ဒူး၊ ချုံချင့်နှင့် ရှန်ဟိုင်းမြို့များအကြား ၂၀၁၆ ခုနှစ်မှစတင်၍ လေကြောင်းခရီးစဉ်များပြေးဆွဲလျက်ရှိကြောင်း၊ မဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်လျက်ရှိပြီး ခရီးသွားလုပ်ငန်းကဏ္ဍ၊ စီးပွားရေးလုပ်ငန်းများနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း စသည်တို့ခိုင်မာအားကောင်းလာစေရန် အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ကမ္ဘာ့လေကြောင်းလိုင်း ၂၆  ခုပါဝင်ဖွဲ့စည်းထားသော Star Alliance ၏အဖွဲ့ဝင်များဖြစ်သည့်အတွက်  ကာလရှည်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် ရရှိနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

စင်ကာပူလေကြောင်းလိုင်းသည် လေယာဉ်များဝယ်ယူခြင်း၊ South west Airlines နှင့် Air China တို့ကဲ့သို့လေကြောင်းလိုင်းများနှင့်ပူးပေါင်း၍ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် လေကြောင်း ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများမြင့်တက်လာသည်ကို တွေ့ရှိရသည့်အတွက် ယင်းဆောင်ရွက်ချက်များသည် ဒေသတွင်းလေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ခိုင်မာအားကောင်းသောနေရာတွင် ရပ်တည်နိုင်ရေးကို အထောက်အပံ့ဖြစ်လာစေနိုင်ပါသည်။

ရင်းမြစ်။        Channel News Asia သတင်းဌာန

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News