ထိုင်းနိုင်ငံ၏ ထိပ်တန်း E-commerce ပလက်ဖောင်းတစ်ခုဖြစ်သည့် Shopee သည် ထိုင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)အွန်လိုင်းပေါ်တွင် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်နှင့် ကုန်ကျစရိတ်များလျှော့ချနိုင်ရန်အတွက် ထိုင်းဘတ်သန်း ၅၀၀ ကျော်တန်ဖိုးရှိသော ကူညီပံ့ပိုးမှုစီမံကိန်းအသစ်ကို ချပြလိုက်ကြောင်း သိရသည်။
ယခုအစီအစဉ်သည် ထိုင်းအစိုးရ၏ "Thai Chuay Thai"(ထိုင်းအချင်း ချင်းကူညီစို့)ပူးတွဲကျခံစနစ်မူဝါဒနှင့် ကိုက်ညီပြီး၊ နိုင်ငံတစ်ဝန်းရှိ လုပ်ငန်းရှင်ပေါင်း ၁.၂ သန်းခန့်ကို လွှမ်းခြုံပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဤစီမံကိန်းနှင့်ပတ်သက်၍ Shopee နှင့်၎င်း၏ကုမ္ပဏီဖြစ်သော Sea Ltd မှ အကြီးအကဲများသည် ဝန်ကြီးချုပ်အနုတင် ချာန်ဗီရကူးလ်နှင့်တွေ့ဆုံကာ ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍမြှင့်တင်ရန်ဆွေးနွေးခဲ့ကြသည်။ စီမံကိန်းတွင်ပါဝင်လိုသည့် ကုန်သည်များသည် ဇူလိုင် ၆ ရက်မှ ၁၀ ရက်အတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ရွေးချယ်ခံရပါက ၆ လကြာ ပံ့ပိုးကူညီမှုများရရှိမည်ဖြစ်သည်။
ကူညီပံ့ပိုးမှုအစီအစဉ်များတွင် လစဉ်ပထမဆုံးကုန်စည်အမှာစာ (Orders)၁၀ ခုအတွက် အရောင်းကော်မရှင်ခ(Sales Fee)လုံးဝကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး၊ တစ်လလျှင် ဘတ် ၁၀,၀၀၀ ထက်မပို သောရောင်းအားရှိသည့် ကုန်သည်ငယ်များအတွက် ကုန်ပစ္စည်းအမျိုးအစားအလိုက် အရောင်းကော်မရှင်ခကို ၀.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင် နှုန်းအထိအထူးလျှော့ချပေးမည်ဖြစ်သည်။ ထို့ပြင် Shopee ဘက်က သုံးစွဲသူများဝယ်လိုအားတက်စေရန် Discount codes များနှင့်အခမဲ့ပို့ဆောင်ခ(Free-shipping vouchers)များကို စိုက်ထုတ်ပေးမည့်အပြင်၊ "Shopee University" မှတစ်ဆင့် အစိုးရဌာနများနှင့် ပူးပေါင်းကာ အွန်လိုင်းအရောင်းနည်းစနစ်များနှင့် ဒီဂျစ်တယ်စျေးကွက်ရှာဖွေရေးသင်တန်းများကို အခမဲ့ပေးသွားမည်ဖြစ်သည်။
Sea Ltd ၏ဥက္ကဋ္ဌ Mr. Chris Feng က ထိုင်းနိုင်ငံသည် ၎င်းတို့၏ အဓိကစျေးကွက်ကြီးဖြစ်ပြီး ကုန်သည်ငယ်များ နည်းပညာခေတ်တွင် ရေရှည်ရပ်တည်နိုင်ရန် ဆက်လက်ပံ့ပိုးသွားမည်ဟုဆိုသည်။ လက်ရှိတွင် ထိုင်းကုန်သည်အများအပြားသည် Shopee ၏ နိုင်ငံတကာပလက် ဖောင်း(SIP)မှတစ်ဆင့် စင်ကာပူ၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့အထိ ဆိုင်ခွဲချဲ့ထွင်ကာ ပြည်ပဝယ်လိုအားကို ရယူနေကြပြီဖြစ်သည်။
ကိုးကား။ Bangkok Post
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)