ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီတွင် ပို့ကုန်တင်ပို့ရမှုများကျဆင်းလာသည်နှင့်အမျှ ယင်းကို အရှိန်အဟုန်ပြန်လည်ရရှိစေရန် ရုန်းကန်နေရသည့်အတွက် တတိယသုံးလပတ်တွင် ဂျာမန်ဂျီဒီပီသည် ရပ်တန့်နေခဲ့ကြောင်း ၃၀-၁၀-၂၀၂၅ ရက်က ထုတ်ပြန်ခဲ့သော အချက် အလက်များအရ သိရှိရပါသည်။
ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား အားနည်းလာခြင်းနှင့် အမေရိကန်၏ သွင်းကုန်အပေါ် အခွန်နှုန်းထားများတိုးမြှင့်လိုက်မှုက ဂျာမန်ပို့ကုန်များအပေါ် ဖိအားပေးလာခြင်းတို့ကြောင့် ဂျာမနီ၏ စီးပွားရေးသည် ယခင်သုံးလပတ်တွင် ၀.၃% ကျုံ့သွားခဲ့ကြောင်း၊ ယင်းမှာ ဂျာမန်စာရင်းအင်းရုံး၏ ပဏာမအချက်အလက်များခန့်မှန်းထားမှုနှင့် ကိုက်ညီနေကြောင်း၊ စက်ပစ္စည်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းကြောင့် သုံးလပတ်နှစ်ပတ်ဆက်တိုက် စီးပွားရေးတိုးတက်မှုနှုန်း အနှုတ်လက္ခဏာပြနေသော စီးပွားရေးကျဆင်းမှုအခြေအနေမှ လွတ်မြောက်ခဲ့ကြောင်း Germany's Federal Statistical Office ၏ဖော်ပြချက်အရ သိရှိရပါ သည်။
အမေရိကန်၏ အခွန်အကောက်တိုးမြှင့်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသော ဂယက်နှင့် တရုတ်နိုင်ငံနှင့်စီးပွားရေးအရ ပြင်းထန်စွာယှဉ်ပြိုင်နေရမှုများမှာ ပို့ကုန်အလေးထားသော ဂျာမန်စက်မှုလုပ်ငန်းများအတွက် ဆက်လက်ခက်ခဲစေနိုင်လိမ့်မည်ဟု ဂျာမန် Private Bank တစ်ခုဖြစ်သော Hauck Aufhaeuser Lampe မှအကြီးတန်းစီးပွားရေးပညာရှင် Alexander Krueger က ပြောကြားခဲ့ကြောင်း၊ Commerzbank ၏ အကြီးအကဲဖြစ်သူ စီးပွားရေးပညာရှင် Joerg Kraemer ကလည်း ဂျာမန်အစိုးရ၏ ဘဏ္ဍာရေးအစီအစဉ်အရ လာမည့်နှစ်မတိုင်ခင်အထိ စီးပွားရေးတိုးတက်လာနိုင်လိမ့်မည်ဟု မျှော်မှန်းမထားကြောင်း၊ ထို့ပြင် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် အစီအမံများမပါရှိနေသည့် အတွက် ယင်းဘဏ္ဍာရေးအစီအစဉ် ရေရှည်တည်တံ့နေမည်မဟုတ်ဟု ခန့်မှန်းခဲ့ကြောင်း သိရှိရပါသည်။
ဂျာမန်စီးပွားရေးဝန်ကြီးဌာနသည် အောက်တိုဘာလအစောပိုင်းတွင် ၂၀၂၅ ခုနှစ်အတွက် ၎င်း၏ တိုးတက်မှုနှုန်းခန့်မှန်းချက်ကို (၀.၂) ရာခိုင် နှုန်းအထိအနည်းငယ်မြှင့်တင်ခဲ့ပြီး၊၂၀၂၆ ခုနှစ်အတွက် (၁.၃) ရာခိုင်နှုန်း နှင့်၂၀၂၇ ခုနှစ်အတွက် (၁.၄) ရာခိုင်နှုန်းတိုးတက်ခန့်မှန်းထားခဲ့ပါသည်။
ဂျာမန်ဝန်ကြီးချုပ် Friedrich Merz ၏ အခြေခံအဆောက်အအုံနှင့် ကာကွယ်ရေးအသုံးစရိတ်များကို သိသိသာသာတိုးမြှင့်မည်ဟူသော ကတိပြုချက်ကြောင့် စီးပွားရေးတိုးတက်မှုအတွက် မျှော်လင့်ချက်များမြင့်တက်လာခဲ့သော်လည်း လက်တွေ့တွင် ယင်းအစီအမံများကို ပိုမိုကောင်းမွန်သော အခြေအနေများအဖြစ်သို့ ပြုပြင်ပြောင်းလဲရန် မျှော်မှန်းထားသည်ထက် အချိန်ပိုမိုကြာမြင့်နိုင်ကြောင်း ဖော်ပြထားပါသည်။
သြဂုတ်လတွင် အလုပ်လက်မဲ့ဦးရေ(၃.၀၂)သန်းအထိရောက်ရှိခဲ့ရာ ယင်းပမာဏသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည့် အတွက် အလုပ်လက်မဲ့နှုန်းမြင့်တက်လာခြင်းသည်လည်း နောက်ထပ် စိုးရိမ်စရာတစ်ခုဖြစ်ခဲ့ကြောင်း၊ ၃၀-၁၀-၂၀၂၅ ရက်တွင် အလုပ်သမားရုံးမှ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ အောက်တိုဘာလတွင် အလုပ် လက်မဲ့ဦးရေ(၁၀၀၀)ခန့် မမျှော်လင့်ဘဲကျဆင်းခဲ့ရာ အလုပ်လက်မဲ့ဦးရေ(၂.၉၇၃)သန်းဖြစ်လာခဲ့ကြောင်း၊ ယင်းအပေါ် အလုပ်သမားရုံး၏ အကြီးအကဲဖြစ်သူ Andrea Nahles က ယင်းကျဆင်းမှုကို တိုးတက်မှုဟုသတ်မှတ်၍မရဘဲ အလုပ်အကိုင်တိုးတက်မှု အားနည်းနေဆဲဖြစ် ကြောင်းနှင့် ဆောင်းဦးရာသီတွင် ပြန်လည်ကောင်းမွန်လာသည်ဆိုသော်လည်း ယခုအချိန်အထိ နှေးကွေးနေဆဲဖြစ်ကြောင်းကို သိရှိထားရန်လိုသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
German Chamber of Industry and Commerce(DIHK)၏ အကြီး အကဲဖြစ်သူ Elena Melnikov ကလည်း ကုန်ကျစရိတ်များမြင့်မားနေခြင်းနှင့် ဗျူရိုကရေစီစနစ်ကျင့်သုံးမှု များလွန်းနေခြင်းတို့သည် စီးပွားရေးပြန်လည်ကောင်းမွန်လာမှုကို နှောင့်နှေးစေသောအချက်များဖြစ် ကြောင်းနှင့် ယင်းအချက်များကပင် ဂျာမန်နိုင်ငံခြားကုန်သွယ်မှုအပေါ် စိန်ခေါ်မှုများပိုမိုများပြားစေခဲ့ကြောင်း ထောက်ပြခဲ့ပါသည်။
Source: https://www.reuters.com/world/europe/german-economy-stagnates-q3-2025-10-30/
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)