အိန္ဒိယ၊ Act East Policy ၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်သော အာဆီယံ - အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူညီချက် (AITIGA) အား ပြန်လည်သုံးသပ်ကာ အဆင့်မြှင့်တင်မှုများကို အရှိန်မြှင့်ဆောင်ရွက်သွားနိုင်ရေး အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အိန္ဒိယ၊ နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ဇူလိုင်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဇူလိုင်လ ၈ ရက် မှ ၁၁ ရက်အတွင်း ဝန်ကြီးချုပ်မိုဒီ၏ အင်ဒိုနီးရှား၊ ဩစတြေးလျနှင့် နယူးဇီလန် ခရီးစဉ်များမတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) ၏ အတွင်းဝန် Rudrendra Tandon က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အတွင်းဝန် Tandon က AITIGA သည် ဆယ်စုနှစ်ကျော် သက်တမ်းရှိပြီဖြစ်ရာ အိန္ဒိယနှင့် အာဆီယံ တို့၏ လက်ရှိစီးပွားရေးအခြေအနေများကို ထင်ဟပ်နိုင်ခြင်းမရှိကြောင်း၊ ထို့ပြင် အခွန်စည်းကြပ်မှုဆိုင်ရာ အထူးအခွင့်အရေးများမှာ နိုင်ငံအလိုက် မတူညီသောကြောင့် လက်ရှိလုပ်ဆောင်နေသော ပြန်လည်သုံးသပ်မှုများမှာ ကုန်သွယ်မှုကို ပိုမိုလွတ်လပ်စေရန်၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်နှင့် နှစ်ဖက်စလုံးအတွက် ပိုမိုမျှတသော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူညီချက်ကို အဆင့်မြှင့်တင်ရန်အတွက် အဖွဲ့ဝင်အားလုံး၏ သဘောတူညီမှုရရှိရန်လိုအပ်ရာ နယူးဒေလီသည် ဆွေးနွေးညှိနှိုင်းမှုများ တိုးတက်စေရေး အာဆီယံတစ်ဖွဲ့လုံးနှင့် ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်နေသလို တစ်ဖက်တွင်လည်း အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းအလိုက် နှစ်နိုင်ငံ (Bilateral) ဆက်ဆံမှု မြှင့်တင်ရေးများ ဆောင်ရွက်လျက်ရှိသည်။ အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိသော်လည်း ယခုဆွေးနွေးမှုများသည် နိုင်ငံစုံ ညှိနှိုင်းဆွေးနွေးပွဲလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အတွင်းဝန် Tandon က ဆိုသည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုအားကောင်းစေရန် ဇူလိုင်လ ၈ ရက်မှ ၉ ရက်အထိ အင်ဒိုနီးရှားသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရှိရသည်။
Source: https://commerce.gov.mm/