International News

ရုရှားတွင် အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ ရောက်ရှိ

Last Updated:

ရုရှားဖက်ဒရယ်စာရင်းအင်းဝန်ဆောင်မှုဌာန (Rosstat) ၏ခန့်မှန်းချက်အရ ရုရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ၂ ဒသမ ၂ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပြီး ယခင်ဩဂုတ်လ၏ အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းမှ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)၏ နည်းစနစ်နှင့်အညီ စက်တင်ဘာလတွင် အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၁ ဒသမ ၆ သန်းကို အလုပ်လက်မဲ့အဖြစ်သတ်မှတ်ခဲ့ပြီး ယင်းအလုပ်လက်မဲ့များအနက် အမျိုးသမီးများပါဝင်မှုသည် ၅၃ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

အလုပ်လက်မဲ့လူဦးရေပေါင်း ၁ ဒသမ ၆ သန်းအနက် ၁ ဒသမ ၁ သန်းသည် မြို့ပြနေထိုင်သူများ ဖြစ်ပြီး ၀ ဒသမ ၅ သန်းခန့်သည် ကျေးလက်နေသူများဖြစ်သည်။ ယင်းတို့အနက် အသက် ၂၅ နှစ်နှင့်အောက် လူငယ်များ၏ အလုပ် လက်မဲ့နှုန်းသည် ၂၀ ရာခိုင်နှုန်းရှိပြီး အသက် ၅၀ နှစ်နှင့်အထက် အလုပ်လက်မဲ့နှုန်းသည် ၁၉ ရာခိုင်နှုန်းရှိကာ လုပ်ငန်းအတွေ့အကြုံမရှိသူများ၏ ပါဝင်မှုသည် ၂၈ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည်။

ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ် သမားများလိုအပ်နေပြီး လုပ်သားရှားပါးမှုသည် နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအတားအဆီးတစ်ခုဖြစ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ရုရှားနိုင်ငံ၌ အလုပ်လက်မဲ့နှုန်းသည် အနိမ့်ဆုံးသို့ ရောက်ရှိနေပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်ရုံလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်သားအင်အားမလုံလောက်မှုကို ကြုံတွေ့နေရသဖြင့် အဆိုပါလုပ်ငန်းများတွင် လိုအပ်သောအလုပ်သမားများ ဖြည့်ဆည်းပေးနိုင်ရေး မြန်မာနိုင်ငံအပါအဝင် အရှေ့ တောင်အာရှနိုင်ငံများနှင့် ဖော်ရွှေသောနိုင်ငံများမှ ရုရှားနိုင်ငံသို့ ခေါ်ယူခန့်အပ်နိုင်ရန် ရုရှားအလုပ်သမားအေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source :        https://www.interfax.ru/amp/1055418

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News