International News

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ဆိုက်ပရပ်စ် စီးပွားရေးကောင်စီကို တည်ထောင်

Last Updated:

ဒူဘိုင်းကုန်သည်ကြီးများအသင်းသည် ဒူဘိုင်းနှင့်ဆိုက်ပရပ်စ်အကြားဆက်ဆံရေးကို ခိုင်မာစေရန်၊ ကုန်သွယ်မှုကိုတိုးချဲ့ရန်နှင့် ကဏ္ဍများစွာတို့တွင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်အတွက် ဆိုက်ပရပ်စ်စီးပွားရေးကောင်စီကို စတင်တည်ထောင်ခဲ့ပါသည်။

ဤလှုပ်ရှားမှုသည် ဒေသတွင်းရှိ ဆိုက်ပရပ်စ်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကဗဟိုချက်အဖြစ် ဒူဘိုင်း၏အခန်းကဏ္ဍကို အလေးပေးဖော်ပြနေခြင်းဖြစ်ပါသည်။

အဆိုပါကောင်စီသည် နှစ်နိုင်ငံကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ဆန်းသစ်တီထွင်သူများ ပူးပေါင်းဆောင်ရွက်ရန်၊ ဗဟုသုတဖလှယ်ရန်နှင့် ဖက်စပ်လုပ်ငန်းများကို ဆောင်ရွက်ကြနိုင်ရန်အတွက် ဖွဲ့စည်းတည်ဆောက်ထားသည့် လမ်းကြောင်းတစ်ခုအဖြစ် ပံ့ပိုးပေးသွားရန် ရည်ရွယ်ထားပါသည်။ ဒူဘိုင်းနှင့်ဆိုက်ပရပ်စ်အကြား ရေနံမဟုတ်သော ကုန်သွယ်မှုပမာဏမှာ ၂၀၂၄ ခုနှစ်တွင် AED ၅၈၈ သန်း အထိရောက်ရှိလာခဲ့ပြီး ကြီးထွားလျှက်ရှိသော စီးပွားရေးပါဝင်မှုအပေါ် ထင်ဟပ်စေခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ဆိုက်ပရပ်စ်ကုမ္ပဏီပေါင်း ၆၁၂ ခုကို ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ တက်ကြွသောအဖွဲ့ဝင်များအဖြစ် မှတ်ပုံတင်နိုင်ခဲ့ပြီး ယခုနှစ်၊ ပထမကိုးလအတွင်း စီးပွားရေးလုပ်ငန်းအသစ် ၇၁ ခုပါဝင်လာနိုင်ခဲ့ပါသည်။ အဆိုပါကောင်စီ၏ တည်ထောင်မှုသည် ဤကုမ္ပဏီများသည် ဒေသတွင်းနှင့်နိုင်ငံတကာတို့တွင် တိုးချဲ့ရန်အခွင့်အလမ်းများအား ပိုမိုဖန်တီးပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားပါသည်။

ဆိုက်ပရပ်စ်စီးပွားရေးကောင်စီ၏ ပထမဆုံးနှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ ဆိုက်ပရပ်စ်စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး George Papanastasiou၊ စီးပွားရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းရေးမှူး Abdullah Ahmed Al Saleh နှင့် ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ စီးပွားရေးထောက်ခံမှုဆိုင်ရာဒုတိယဥက္ကဋ္ဌ Maha Al Gargawi တို့တက်ရောက်ခဲ့ကြပါသည်။

George Papanastasiou က ကောင်စီအား “ဆိုက်ပရပ်စ်နှင့်ယူအေအီးအကြား စီးပွားရေးတံတားကို အားကောင်းစေမည့် သိသာထင်ရှားသောခြေလှမ်းတစ်ရပ်”အဖြစ်ဖော်ပြခဲ့ပြီး ရေရှည်တည်တံ့သော တိုးတက်မှုနှင့် နည်းပညာလွှဲပြောင်းမှုကို မြှင့်တင်နိုင်မည့် ၎င်း၏အလားအလာကို အလေးပေးပြောကြားခဲ့ပါသည်။ ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mohammad Ali Rashed Lootah က ဒူဘိုင်း၏ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဗဟိုချက်အဖြစ် အဆင့် အတန်းကို မြှင့်တင်ရာတွင် ကောင်စီ၏အခန်းကဏ္ဍအပေါ် အလေးပေးပြောကြားခဲ့ပါသည်။

Maha Al Gargawi က ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ စီးပွားရေးကောင်စီများသည် နိုင်ငံတကာကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများကို ချိတ်ဆက်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းနှင့် ကဏ္ဍအားလုံးတို့တွင် ဒူဘိုင်း၏စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးခြင်အားဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါ သည်။

ဆိုက်ပရပ်စ်စီးပွားရေးကောင်စီသည် ဒူဘိုင်းတွင် နိုင်ငံတကာဈေးကွက်များကို ကိုယ်စားပြုပြီး နှစ်နိုင်ငံကုန်သွယ်ရေးကို အားကောင်းစေသည့် ရေရှည်စီးပွားရေးမိတ်ဖက်များအား ဖွံ့ဖြိုးတိုးတက်စေမည့်ဒူဘိုင်းကုန်သည်ကြီးများအသင်းအောက်ရှိ စီးပွားရေးကောင်စီများ၏ ကွန်ရက်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းဖော်ပြထားပါ သည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News