International News

Forbes Middle East မှ ဒူဘိုင်းတွင် ဒုတိယအကြိမ်မြောက် ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို စတင်

Last Updated:

ကမ္ဘာလုံးဆိုင်ရာ မီဒီယာ၊ အမှတ်တံဆိပ်နှင့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Forbes Middle East သည် ဒူဘိုင်း၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် ကြီးထွားလာသော သြဇာလွှမ်းမိုးမှုကို ကမ္ဘာလုံး ဆိုင်ရာ အာရုံစိုက်မှုရရှိစေမည်ဖြစ်ပြီး အမေရိကန်ဆေးရုံဒူဘိုင်းနှင့်ပူးပေါင်း၍ ၎င်း၏ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးဆိုင်ရာ ဒုတိယအကြိမ်မြောက်ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာလ ၉ ရက်မှ ၁၀ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဤထိပ်သီးအစည်းအဝေးအား အဆင့်မြင့်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများနှင့်ပြည့်စုံသောကျန်းမာရေးတို့အတွက် ဦးဆောင်နေရာတစ်ခုအဖြစ် ဒေသ၏တိုးတက်မှုကို မီးမောင်းထိုးပြရန် ရည်ရွယ်ထားခြင်းဖြစ်ပါ သည်။

အစည်းအဝေးတွင် ဒေသတစ်ဝှမ်းနှင့် အခြားနေရာများမှ အထူးကုဆရာဝန်ကြီးများ၊ ဆန်းသစ်တီထွင်သူများ၊ အကြီးတန်းစီးပွားရေးပုဂ္ဂိုလ်များနှင့် အစိုးရအရာရှိများတို့ဖြင့် စုစည်းကျင်းပသွားမည်ဖြစ်ပါသည်။ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Abdulla bin Touq Al Marri မှ ကဏ္ဍ၏ တိုးချဲ့လာသော စီးပွားရေးသက်ရောက်မှုအပေါ် အဖွင့်မိန့်ခွန်းကို အလေးပေးပြောကြားသွားမည်ဖြစ်သည်။ လူနာတင်ယာဉ်ဝန်ဆောင် မှုအတွက် ဒူဘိုင်းကော်ပိုရေးရှင်းမှ Mishal Abdul Karim Julfar ကလည်း ကျွမ်းကျင်သူများ၏ ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ရန် စီစဉ်ထားသည်။ Jumeirah Beach Hotel တွင်ကျင်းပမည့် အဆိုပါအစီအစဉ်တွင် ၂၀၃၁ ခုနှစ်အတွင်း ကျန်းမာကြံ့ခိုင်ကြစေရေးအတွက် ယူအေအီးအမျိုးသားမဟာဗျူဟာအပါအဝင် အဓိကအကြောင်းအရာ ၆ ခုကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ဤမဟာဗျူဟာသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များနှင့်ကိုက်ညီမှုရှိပြီး ဝင်ငွေအဆင့်၊ လူမှုရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် အရည်အသွေးမြင့် အများပြည်သူဝန်ဆောင်မှုများတွင် တိုးတက်မှုများကို မောင်းနှင်ပေးခဲ့ပြီး ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ကမ္ဘာလုံးဆိုင်ရာဗဟိုချက်အဖြစ် ယူအေအီးနိုင်ငံ၏ရပ်တည်မှုကို ခိုင်မာစေမည်ဖြစ်ပါသည်။

အစည်းအဝေးများ၌ အနာဂတ်ကျန်းမာရေးပုံစံများအား ပုံဖော်ရာတွင် ယူအေအီးနိုင်ငံ၏ ဦးဆောင်မှု၊ ဆေးဘက်ဆိုင်ရာခရီးသွားလုပ်ငန်းတွင် ၎င်း၏ကြီးထွားလာထင်ရှားလာမှုနှင့် နိုင်ငံတကာစောင့်ရှောက်မှုများအား မြှင့်တင်ပေးသည့် ကျန်းမာရေးအာမခံဖြေရှင်းချက်များတွင် တိုးတက်မှုများအား လေ့လာသွားမည်ဖြစ်ပါသည်။ ဆွေးနွေးဟောပြောသူများမှ လူနာစိတ်ကျေနပ်မှုအား တိုးတက်စေပြီး ကမ္ဘာတစ်ဝှမ်းမှ ဝန်ဆောင်မှုများအား ချောမွေ့စေသော ဆန်းသစ်တီထွင်မှုတို့ဖြင့် မီးမောင်းထိုးဖော်ပြသွားမည်ဖြစ်ပါသည်။

Forbes Middle East၏အမှုဆောင်အရာရှိချုပ်နှင့်အယ်ဒီတာချုပ်ဖြစ်သူ Khuloud Al Omian က ဒေသအတွင်းဘက်စုံကျန်းမာကြံ့ခိုင်ရေးအား နားလည်မှုမြှင့်တင်နေချိန်တွင် ဤထိပ်သီးအစည်းအဝေးအား အရေးပါသည့်အချိန်တွင် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mohamed & Obaid AlMulla Group အုပ်စုနှင့် American Hospital Dubai Group CEO Sherif Beshara က ကျန်းမာရေး စီးပွားရေးကို အားကောင်းစေမည့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုအပေါ် အလေး ပေးပြောကြားခဲ့ပါသည်။

ဤအခမ်းအနားအား ထိပ်တန်းဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၊ စွန့်ဦးတီထွင်သူများနှင့် အကြောင်းအရာဖန်တီးသူများအများအပြားတို့ကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News