International News

ဟောင်ကောင်ဒေသ၌ ဘဏ်လုပ်ငန်းဥပဒေမူကြမ်း ၂၀၂၅ ထုတ်ပြန်

Last Updated:

ဥပဒေပြုကောင်စီမှ ဘဏ်လုပ်ငန်းဥပဒေမူကြမ်း(ပြင်ဆင်ချက်) ၂၀၂၅ ထုတ်ပြန်ခဲ့မှုအပေါ် ဟောင်ကောင်ဒေသအစိုးရမှကြိုဆိုကြောင်း ဒေသအစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အဆိုပါဥပဒေပြင်ဆင်ချက်အရ ဟောင်ကောင်ဒေသတွင်း၌ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ ဖြစ်ပွားမှုကာကွယ်ရန်နှင့် စုံစမ်းစစ်ဆေးမှုများလွယ်ကူချောမွေ့စေရန်အတွက် လိုအပ်သည့်အခြေအနေများတွင် ဘဏ်များအကြား ဘဏ်စာရင်းဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်နိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်လုပ်ဆောင်ချက်များအတွက် ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် အစုအလိုက်အပြုံလိုက်သေကြေပျက်စီးနိုင်သည့်လက်နက်များပြန့်ပွားရေးကဲ့သို့  သံသယဖြစ်ဖွယ်လုပ်ဆောင်ချက်များအပေါ် ဘဏ်များမှ သတိပြုမိသည့်အခါ ဘဏ်များနှင့် အစိုးရအဖွဲ့အစည်းများအကြား ဟောင်ကောင်ဒေသငွေကြေးအာဏာပိုင်အဖွဲ့အစည်းမှ သတ်မှတ်ထားသည့် လုံခြုံစိတ်ချရသည့် နည်းလမ်းများအသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် လုပ်ငန်းများ၏ ငွေစာရင်းအချက်အလက်များကို လုံခြုံလျင်မြန်စွာဖလှယ်နိုင်သည့် အစီအမံတစ်ခုကို စတင်မိတ်ဆက်ထားပါသည်။ အဆိုပါဥပဒေမူကြမ်းသည် ဘဏ်လုပ်ငန်းများမှ သက်ဆိုင်ရာ သတင်းအချက်များထုတ်ဖော်အသုံးပြုမှုအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အစီအမံသစ်ကြောင့် လိမ်လည်မှုနှင့်ဆက်စပ်သည့် ငွေကြေးခဝါချမှုများကို တားဆီးနိုင်မှုမြှင့်တင်၍ ပြည်သူလူထုကို ပိုမိုကောင်းမွန်သည့်အကာအကွယ်ပေးနိုင်ရုံသာမက ဟောင်ကောင်ဒေသ၏ ဘဏ်လုပ်ငန်းစနစ်တည်ငြိမ်မှုထိန်းသိမ်းရာတွင် အထောက်အကူပြုပြီး နိုင်ငံတကာဘဏ္ဍာရေးအချက်အချာဒေသတစ်ခုအနေဖြင့် တရားမဝင်လုပ်ဆောင်ချက်များတားဆီးရေး ကြိုးပမ်းဆောင်ရွက်ချက်များကို မီးမှောင်းထိုးပြနိုင်မည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရ၊ ငွေတိုက်နှင့် ဘဏ္ဍာ ရေးဝန်ဆောင်မှုဝန်ကြီး Christopher Hui က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ပြင်ဆင်ချက်ဥပဒေမူကြမ်းသည် ယခုနှစ်အတွင်း စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး၊ ဥပဒေစတင်သက်ဝင်မည့်နေ့ကို သီးခြားထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း ရေးသားဖော်ပြထားပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News