International News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ အုန်း(coconut)တင်ပို့မှုမြင့်တက်

Last Updated:

ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံ၏ အုန်းနှင့်အုန်းထွက်ပစ္စည်း(coconut-based products)များ၏ တင်ပို့မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒေါ်လာ ၉၃၀.၆၁ သန်းရှိရာမှ ၂၀၂၅ ခုနှစ်၊ အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁.၄၁ ဘီလီယံသို့ ၅၂% သို့လည်းကောင်း၊ အုန်းဆီ(coconut oil)တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၇၆၁.၈၈ သန်းရှိရာမှ ၁.၁၈ ဘီလီယံသို့အသီးသီး မြင့်တက်ခဲ့ပါသည်။

အုန်းဆီစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံများတွင် ရာသီဥတုဖောက်ပြန်မှုများနှင့် အခြား သောဟင်းသီးဟင်းရွက်ဆီများတင်ပို့မှုဆိုင်ရာ ခွဲတမ်းအပြောင်းအလဲများကြောင့် အုန်းဆီဈေးနှုန်းသည် စံချိန်တင်မြင့်တက်ခဲ့ပါကြောင်းနှင့် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့်ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ မေလတွင် မက်ထရစ်တစ်တန်လျှင် ၂,၇၄၂ အမေရိကန်ဒေါ်လာသို့ရောက်ရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ ယခုအတိုင်းဆက်ရှိပါက ဖိလစ်ပိုင်နိုင်ငံ၏အုန်းဆီတစ်ခုတည်းတင်ပို့မှုမှရရှိငွေသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၂၂ ဘီလီယံအထိ စံချိန်သစ်တင်ကာ မြင့်တက်လာနိုင်ကြောင်း ဖော်ပြပါရှိပါသည်။ ကမ္ဘာ့ဘဏ်မှလည်း ၂၀၂၅ ခုနှစ်တွင် အုန်းဆီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၈၀၀ ထိမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားရှိပြီး ၂၀၂၄ ခုနှစ်၊ စံချိန်တင်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၁,၅၁၉ ထက်ပင်မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏အုန်းဆီတင်ပို့မှုသည်လည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း ၅၅.၁%၊ အမေရိကန်ဒေါ်လာ ၁၆၅.၁၆သန်းထိမြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁၀၆.၄၉ သန်းရရှိခဲ့ပါသည်။  အခြားသောအုန်းထွက်ပစ္စည်း(coconut based products)များတင်ပို့မှုသည်လည်း ၄၈.၁% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉.၅၆ သန်းမှ ၄၃.၇၈ သန်းထိ တိုးမြင့်ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၆ ခုနှစ်အတွင်း အုန်းပင်စိုက်ပျိုးမှုကို အပင်ပေါင်းသန်း ၅၀ ထိ တိုးချဲ့စိုက်ပျိုးသွားရန်လျာထားပြီး ကမ္ဘာ့အုန်းစိုက်ပျိုးမှုထိပ်တန်းနိုင်ငံဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ပြောကြားထားပါ သည်။ အဆိုပါအစီအစဉ်သည် ၂၀၂၃ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သည့် အုန်းပင်စိုက်ပျိုးရေးအစီအစဉ် ၅ နှစ်တာစီမံကိန်းပါ မူလရည်မှန်းထားသည့်ပမာဏထက် ၂ ဆရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့သည်ဟုဖော်ပြပါရှိပါသည်။ သမ္မတမှလည်း အုန်းပင်များစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် သုံးစွဲနိုင်ရန် ရန်ပုံငွေများကို တိုးမြှင့်ခွဲဝေချထားပေးထားပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့အုန်းစိုက်ပျိုးထုတ် လုပ်မှုတွင် ဒုတိယနေရာတွင်ရပ်တည်နေပြီး ထိပ်တန်းတင်ပို့သည့်နိုင်ငံများတွင်လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ အုန်းထွက်ရှိမှုသည် မက်ထရစ်တန် ၁၇.၁၃ သန်းရှိပြီး၊ ဖိလစ်ပိုင်နိုင်ငံသည် ၁၄.၇၇ တန်ထိ စံချိန်တင် ထွက်ရှိခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၈ ခုနှစ်အတွင်းအုန်းပင်ပေါင်း သန်း ၁၀၀ စိုက်ပျိုးသွားရမည့်အစီအစဉ်အား အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးရန်ကျန်ရှိသည့်  ၁၅ သန်းအနက် ၈.၅ သန်း ကျော်ကို ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးပြီးဖြစ်ပါကြောင်း၊ ချမှတ်ထားသည့် မဟာဗျူဟာတွင် လက်ရှိအပင်ပေါင်း သန်း ၃၄၀ မှာ သက်တမ်းရင့်နေပြီး အသီးမသီးနိုင်တော့သဖြင့် အစားထိုးစိုက်ပျိုးသွားရန်လည်းပါဝင်ပါသည်။ ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ထုတ်ပြန်ချက်အရ သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်များတင်ပို့မှုမှရငွေသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၁.၆ ဘီလီယံထိ ၁၆%မြင့်တက်ခဲ့ကြောင်း၊ ငှက်ပျောသီးတင်ပို့မှုသည်လည်း ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၄၃.၄၇ သန်းမှ ၆၅၄.၈၈ သန်းထိ ၂၀.၅% မြင့်တက်ခဲ့ပါကြောင်း၊ နာနတ်သီးဖျော်ရည်တင်ပို့မှုသည်လည်း  ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၉.၀၆ သန်းမှ ၅၄.၅၇ သန်းထိ ၃၉.၇% မြင့်တက်ခဲ့ပါသည်။ သို့သော် နာနတ်သီးစည်သွတ်ဘူးများတင်ပို့မှုမှာမူ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၄.၄၇ သန်းရရှိရာမှ ၉၃.၉၀ သန်းသို့ ၀.၆% ကျဆင်းခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News