တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အိမ်ဈေးနှုန်းများ ရုတ်တရက်မြင့်မားလာသည့်အတွက် ပြည်တွင်းအတိုးနှုန်းကို ပြောင်းလဲမှုမရှိဘဲ ၂.၅ ရာခိုင်နှုန်းတွင်သာထားရှိသွားမည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ၁၀-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ဆိုးလ်မြို့ရှိ အချို့သောနေရာများတွင် အိမ်ဈေးနှုန်းများမြင့်မားလာမှုသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကထက် ပိုမိုလျှင်မြန်လာခဲ့ကြောင်း၊ဆိုးလ်မြို့နှင့်ပတ်ဝန်းကျင်ဒေသ များတွင် ထိန်းချုပ်၍မရနိုင်အောင် မြင့်မားလာသော အိမ်ခြံမြေဈေးနှုန်းများသည် လူငယ်မျိုးဆက်များအကြားတွင် နောက်ကျကျန်ရစ်နေသည့် ခံစားချက်အပါအဝင် အခြားသောပြဿနာများစွာကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း၊ လာမည့်လတွင် အဆိုပါပြဿနာကို ထိန်းချုပ်နိုင်ခြင်းရှိလိမ့်မည်ဟုလည်း သေချာစွာမပြောနိုင်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Rhee Chang-yong က ဘဏ်ရုံးချုပ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏စီးပွားရေးတိုးတက်နှုန်းသည် ၀.၈ ရာခိုင်နှုန်းတိုးတက်လိမ့်မည်ဟု မေလအတွင်းက ခန့်မှန်းခဲ့ပါကြောင်း၊ သို့သော် ပြည်တွင်းစားသုံးသူသုံးစွဲနှုန်းနလန်ထူလာမှုသည် ခန့်မှန်းထားသည်ထက် အနည်းငယ်ပိုမိုလာခဲ့သည်အပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုတိုးတက်လာခြင်းကလည်း စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုပါကြောင်း၊ သို့သော် ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းများကျဆင်းနေခြင်းနှင့် အမေရိကန်၏စည်းကြပ်ခွန်ဆိုင်ရာမူဝါဒများကို ရင်ဆိုင်နေရခြင်းတို့သည် စီးပွားရေးတိုးတက်မှုအရှိန်ကို နှေးကွေးစေပါကြောင်း၊ သို့ဖြစ်၍ အစိုးရအနေဖြင့် ဒုတိယအကြိမ်ဖြည့်စွက်ဘတ်ဂျက်(Supplementary Budget)အဖြစ် ဝမ်ငွေ ၃၂ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံ)ကို ချထားသွားမည်ဖြစ်သည့်အတွက် အဆိုပါစီမံဆောင်ရွက်မှုသည် နိုင်ငံ၏စီးပွားရေးတိုး တက်နှုန်း(တစ်နည်းအားဖြင့် နိုင်ငံ၏ GDP)ကို ၀.၁ ရာခိုင်နှုန်းတိုးတက်စေရေး အထောက်အကူပြုနိုင်မည်မျှော်မှန်းကြောင်း၊ အဆိုပါသက်ရောက်မှုများကို ဩဂုတ် လအတွင်းကျင်းပမည့် ငွေကြေးမူဝါဒအစည်းအဝေး၌ ထုတ်ပြန်မည့် စီးပွားရေးတိုး တက်မှုအလားအလာခန့်မှန်းချက်တွင် ထည့်သွင်းတွက်ချက်ဖော်ပြသွားမည်ဖြစ်ပါကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Rhee Chang-yong က ပြောကြားခဲ့ပါသည်။
Moody’s Analytics မှ စီးပွားရေးပညာရှင်က “ပြည်တွင်းအတိုးနှုန်းကို ပြောင်းလဲမှုမရှိဘဲ ၂.၅ရာခိုင်နှုန်းတွင်သာထားရှိသွားမည်ဟုတောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က ဆုံးဖြတ်ခြင်းသည် နိုင်ငံ၏ဘဏ္ဍာရေးအခြေအနေများဆိုးရွားလာခြင်း၊ အိမ်ထောင် စုများ၏ကြွေးမြီများ ဆိုးဝါးစွာတိုးမြင့်လာခြင်းနှင့် အိမ်ခြံမြေဈေးနှုန်းများဆက် လက်မြင့်တက်လာခြင်းတို့အပေါ် ဗဟိုဘဏ်၏စိုးရိမ်မှုကို များစွာထင်ဟပ်စေသည် ”ဟု ပြောကြားခဲ့ပါသည်။
Source: Korea Herald (https://www.koreatimes.co.kr/economy/20250710/bok-freezes-rate-at-25-amid-surging-home-prices-in-seoul)
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)