ကုန်စည်ဈေးနှုန်းများမြင့်တက်ခဲ့သည့်အတွက် စားသုံးခွန်များပိုမိုရရှိလာခြင်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ငွေရရှိမှုများ များပြားလာခြင်းတို့ကြောင့် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏အခွန်ငွေရရှိမှုမှာ စံချိန်တင်များပြားခဲ့ပြီး ၇၅.၂၃ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၅၂၄ ဘီလီယံ)ရှိခဲ့ကြောင်းနှင့် ၅ နှစ်တာကာလအတွင်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ကြောင်း ၃-၇-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan tax revenue hits record on inflation, good corporate earnings” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်း၌ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးခဲ့သည့် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဂျပန်အစိုးရ၏ အခွန်ရရှိမှုမှာ မျှော်မှန်းထားသည့်ပမာဏထက် ၁.၈ ထရီလီယံယန်းပိုမိုရရှိခဲ့ကြောင်းနှင့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် အခွန်ငွေရရှိမှုမှာ ၇၂.၀၈ ထရီလီယံယန်းရှိခဲ့ရာမှ ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၇၅.၂၃ ထရီလီယံယန်းအထိ များပြားလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၌ စားသုံးခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၈.၄ ရာခိုင်နှုန်းများပြားခဲ့ပြီး ၂၅.၀၂ ထရီလီယံယန်းရှိခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများထံမှ ရရှိသည့်အခွန်ဝင်ငွေမှာ ၁၂.၉ ရာခိုင်နှုန်းမြင့်မားခဲ့ပြီး၊ ၁၇.၉၁ ထရီလီယံယန်းရှိခဲ့ကြောင်း၊ ဝင်ငွေခွန်နှင့်နေထိုင်ခွန်များ လျှော့ချကောက်ခံခဲ့မှုကြောင့် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ရရှိမှုမှာ ၂၁.၂၁ ထရီလီယံယန်းရှိခဲ့ပြီး၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃.၈ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များလာရောက်မှု မြင့်တက်ခဲ့ခြင်းကြောင့် နိုင်ငံတကာခရီးသွားခွန်ကောက်ခံရရှိမှုမှာ ၅၂.၅ ဘီလီယံယန်းရှိခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃၁.၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ပြီး ပြန်လည်ထွက်ခွာသည့်အခါ ဂျပန်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံသားကိုမဆို ၁ ဦးလျှင် ယန်း ၁,၀၀၀ ကောက်ခံလျက်ရှိကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ဘဏ္ဍာနှစ်တွင် အခွန်ကောက်ခံရရှိမှု များပြားခဲ့ခြင်းကြောင့် ၂.၂၆ ထရီလီယံယန်းအထိ ပိုငွေဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၄ ဘဏ္ဍာနှစ်တွင် မသုံးစွဲဖြစ်သည့် ဘဏ္ဍာငွေမှာ ၄.၃၁ ထရီလီယံယန်းရှိခဲ့ကြောင်းနှင့် ထိုသို့ပိုငွေများရှိခဲ့သည့်အတွက် ဂျပန်အစိုးရအနေဖြင့် ချေးငွေစာချုပ်များရောင်းချကာ ချေးငွေချေးယူရန် လျာထားသည့်အနက်မှ ၅ ထရီလီယံယန်းကို ပြန်လည်လျှော့ချနိုင်ခဲ့ကြောင်း၊ ဂျပန်အစိုးရအနေ ဖြင့် ၂၀၂၅ ဘဏ္ဍာနှစ်တွင် အခွန်ဝင်ငွေ ၇၇.၈၂ ထရီလီယံယန်းရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)