အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို AI နှင့် လိုက်လျော bညီထွေမှုရှိစေရေးထောက်ပံ့ပေးရန်အတွက် SkillsFuture Singapore (SSG)သည် SME AI Skills Launchpad အသစ်ကို မတ်လမှစတင်၍ စတင်မိတ်ဆက်သွားမည်ဖြစ်ပါသည်။ အဆိုပါ Launchpad သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများရှိ အလုပ်သမားများအား AI အသိအမြင်များတိုးတက်လာစေရန်နှင့် AI ဖြေရှင်းချက်များကို လက်ခံကျင့်သုံးရာတွင် လွယ်ကူစေရန်ရည်ရွယ်ကြောင်း ပညာရေးဝန်ကြီးဌာန ဝါရင့်ဝန်ကြီး Janil Puthucheary က ပြောကြားခဲ့ပါသည်။
Launchpad တွင် အပိုင်း ၂ ပိုင်းပါဝင်ပါသည်။ ပထမအပိုင်းတွင် SSG နှင့် လုပ်ငန်းမိတ်ဖက်များက AI အရင်းအမြစ်များပါဝင်သည့် အင်တာနက်စာမျက်နှာတစ်ခုကို SkillsFuture for Business portal တွင်ထည့်သွင်းမည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့် AI အသွင်ပြောင်းလဲမှုအတွက် လိုအပ်သည့်အရင်းအမြစ်များကို အလွယ်တကူရှာဖွေနိုင်ရန် ဖြစ်ပါသည်။ ကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်းများအသွင်ကူးပြောင်းနိုင်ရန်နှင့် အလုပ်သမားများအတွက် AI နှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အကူအညီဖြစ်စေမည့် အကြံပြုချက်များကို ရရှိနိုင်မည်ဖြစ်ပါသည်။
ဒုတိယအပိုင်းမှာ ကဏ္ဍအလိုက်ပိုမိုအသေးစိတ်ကျသည့်သတင်းအချက် အလက်များ၊ အထောက်အပံ့များရယူလိုသည့် ကုမ္ပဏီများသည် Skills Future Queen Bees က ပေးသည့်ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ပါသည်။ SkillsFuture Queen Bees များမှာ အသေးစားလုပ်ငန်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန်အတွက် SSG က လုပ်ငန်းကဏ္ဍအလိုက်ခန့်ထားသည့်ကျွမ်းကျင်သူများဖြစ်ပါသည်။ SkillsFuture Queen Bees များသည် ကဏ္ဍအလိုက်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များကို AI မဟာသင်တန်းများနှင့် အကြံပေးဝန်ဆောင်မှုများကို အခမဲ့ပြုလုပ်ပေးမည်ဖြစ်ပြီး လာမည့် ၃ နှစ်တွင် အလုပ်သမား ၂၀၀၀ နီးပါးအကျိုးရှိစေမည်ဖြစ်ပါသည်။
၂၀၂၆ ခုနှစ် ဒုတိယ ၃ လပတ်တွင် AI နှင့်ပတ်သက်၍ ကိုယ်တိုင်လိုအပ်ချက်ရှာဖွေနိုင်သည့်ကိရိယာ(self-diagnostic AI tool)ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ၏ AI အသုံးပြုရာတွင် အဆင်သင့်ဖြစ်မှုနှင့် လိုအပ်သည့်သင်တန်းများကို အလုပ်သမားများအနေဖြင့် ကိုယ်တိုင်ဆန်းစစ်နိုင်မည်ဖြစ်ပါသည်။ မေးခွန်းတိုများမေးမြန်းပြီး AI အသုံးပြုရာတွင် အဆင်သင့်ဖြစ်မှုအဆင့်အလိုက် အလုပ် သမားများကို အုပ်စုများစုဖွဲ့စေ၍ သင့်တော်သည့် သင်တန်းအစီအစဉ်များကို တက်ရောက်နိုင်မည်ဖြစ်ပါသည်။ AI နှင့်ပတ်သက်၍ ကိုယ်တိုင်လိုအပ်ချက်ရှာဖွေနိုင်သည့်ကိရိယာ(self-diagnostic AI tool)ကို MySkillsFuture portal နှင့်အတူ မိတ်ဆက်သွားမည်ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာနဝန်ကြီး Jasmin Lau က “AI တတ်မြောက်မှုသည် ဒီဂျစ်တယ်တတ်မြောက်မှုကဲ့သို့ပင် အဓိကကျသည့်အချက်ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့ရာတွင် တတ်မြောက်မှုတစ်ခုတည်းဖြင့် မလုံလောက်ကြောင်း၊ အလုပ်သမားများသည် AI ကို ထိထိရောက်ရောက်အသုံးချနိုင်သည့် အရည်အသွေးရှိရန်လိုအပ်ကြောင်း” ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဒုတိယနှစ်ဝက်မှစ၍ အဆင့်မြင့်ပညာသင်ကြားရေးဌာနများအားလုံးသည် AI နှင့်ဆက်စပ်သည့်သင်တန်းများကို တစ်နှစ်ကာလအတွက် လျှော့ဈေးဖြင့် သင်ယူနိုင်မည်ဖြစ်ပါသည်။
ရင်းမြစ်။ The Business Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)