International News

စင်ကာပူနိုင်ငံ၊ ချီလီနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့အကြား Green Economy Partnership Agreement စတင်ညှိနှိုင်း

Last Updated:

ကိုရီးယားနိုင်ငံ၊ Gyeongjy မြို့၌ကျင်းပပြုလုပ်ခဲ့သည့် APEC စီးပွားရေးခေါင်းဆောင်များသတင်းပတ်(APEC Economic Leaders’ Week) တွင် စင်ကာပူနိုင်ငံဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး Lawrence Wong ၊ချီလီနိုင်ငံသမ္မတ Gabriel Boric နှင့် နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် Christopher Luxon တို့က စင်ကာပူနိုင်ငံ၊ ချီလီနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့အကြား ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်သည့်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေးပူးပေါင်းမှုသဘောတူစာချုပ်(Green Economy Partnership Agreement – GEPA) ညှိနှိုင်းမှုများ စတင်ကြောင်း ကြေညာခဲ့ပါသည်။

အဆိုပါကြေညာမှုသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ဖွဲ့စည်းခဲ့သည့် ကုန်သွယ်မှုနှင့်ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်သည့်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့တွင် ၃ နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပါသည်။ ပူးတွဲလုပ်ငန်းအဖွဲ့သည် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်သည့်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေးတွင် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ပြဿနာရပ်များအပေါ် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ဖြစ်နိုင်ချေရှိသည့် ဆောင်ရွက်မှုအသစ်တစ်ခုအတွက် အဆိုပြုချက်များကို ထည့်သွင်းစဉ်းစားခဲ့ပါသည်။

ဝန်ကြီးချုပ် Lawrence Wong က “စင်ကာပူနိုင်ငံ၊ ချီလီနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့သည် ဦးဆောင်တီထွင်ဆန်းသစ်နိုင်မှုရှိပြီး အနာဂတ်ကို ရှေးရှုသည့် သဘောတူစာချုပ်များရှိကြောင်း၊ GEPA သည် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်သည့်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေမှုရှိသည့်စီးပွားရေးတွင် စံနှုန်းအသစ်များချမှတ်ခြင်း၊ စီးပွားရေးလုပ် ငန်းများနှင့် အလုပ်သမားများအတွက် အခွင့်အလမ်းများဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသည့်အနာဂတ်သို့ ဦးတည်ရာတွင် မိမိတို့၏ ကတိကဝတ်များကို ထင်ဟပ်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

DEPA အရ ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့်နယ်ပယ်များမှာ ရေရှည်တည်တံ့သည့် လေယာဉ်ဆီ၊ carbon credits နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသိအမှတ်ပြုလက်မှတ်၊ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့်ရာသီဥတုဆိုင်ရာ လုပ်ထုံးလုပ်နည်းများစသည်တို့ဖြစ်ပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News