International News

စင်ကာပူနိုင်ငံသည် လေကြောင်းခရီးသည်များထံမှ ကောက်ခံရရှိသည့်အခွန်ဖြင့် Sustainable Aviation Fuel ဝယ်ယူရန် ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်

Last Updated:

စင်ကာပူနိုင်ငံ၏ လေဆိပ်များအတွက် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်သည့် လေယာဉ်ဆီ(Sustainable Aviation Fuel)ဝယ်ယူရေးအတွက် ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ စင်ကာပူနိုင်ငံမှ ထွက်ခွာမည့် လေကြောင်းခရီးသည်များအပေါ် စည်းကြပ်အခွန်ကောက်ခံရန် လွှတ်တော်က ဥပဒေမူကြမ်းကို ခွင့်ပြုပေးခဲ့ပါသည်။ Singapore Sustainable Aviation Fuel Company (SAFCo)သည် ရေရှည်တည်တံ့သည့် လေယာဉ်ဆီဝယ်ယူရန်အတွက် ခရီးသည်များထံမှ ကောက်ခံရရှိသည့်အခွန်များကို အသုံးပြုမည်ဖြစ်ပါသည်။

၂၀၂၆ ခုနှစ်တွင် ချန်ဂီလေဆိပ်နှင့် Seletar လေဆိပ်များ၌ အသုံးပြုသည့် လေယာဉ်ဆီအားလုံး၏ ၁ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ရေရှည်တည်တံ့သည့် လေယာဉ်ဆီဖြင့် အစားထိုးအသုံးပြုရန် မျှော်မှန်းထားပါသည်။ စင်ကာပူနိုင်ငံမှ လေကြောင်းထွက်ခွာမည့် ခရီးသည်များသည် ၂၀၂၆ ခုနှစ်မှစတင်၍ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး အဆိုပါအခွန်ဖြင့် စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပိုင်ဆိုင်သည့် SAFCo က Sustainable Aviation Fuel ကို ဝယ်ယူမည်ဖြစ်ပါသည်။

စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့သည် economy-class လေယာဉ်လက်မှတ်အတွက် ပျံသန်းမှုခရီးအကွာအဝေးအပေါ်မူတည်၍ ခရီးတိုအတွက် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ၊ အလယ်အလတ်ခရီးစဉ်အတွက် ၆ ဒေါ်လာနှင့် ခရီးရှည်အတွက် ၁၆ ဒေါ်လာကောက်ခံရန် ကနဦးသတ်မှတ် ထားပါသည်။ ပျံသန်းမှုအကွာအဝေးအနေဖြင့် စင်ကာပူမြို့မှ ဗန်ကောက်မြို့သို့ ခရီးတို၊ တိုကျိုမြို့သို့ အလယ်အလတ်နှင့် လန်ဒန်မြို့သို့ ခရီးရှည်အဖြစ် အခွန်ကောက်ခံသွားမည်ဖြစ်ပါသည်။ အခွန်အတွက် အသေးစိတ်အချက်အလက်များကို ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် ကြေညာသွားမည်ဖြစ်ကြောင်း၊ အခွန်သည် ခရီးအကွာအဝေးနှင့် စီးနင်းလိုက်ပါသည့် နေရာအမျိုးအစားအပေါ်မူတည်၍ တွက်ချက်မည်ဖြစ်ကြောင်း စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါသည်။

Sustainable Aviation Fuel ဝယ်ယူရန်အတွက် အခွန်ကောက်ခံမှုအပြင် SAFCo သည် အဆိုပါလေယာဉ်ဆီဝယ်ယူလိုသည့် အဖွဲ့အစည်းများထံမှ ဝယ်ယူလိုမှုကိုလည်း စုစည်းအသုံးချသွားမည်ဖြစ်ကြောင်း၊ အဆိုပါလေယာဉ်ဆီဝယ်ယူလိုမှုနှင့် အခွန်ကောက်ခံရရှိမှုတို့သည် Sustainable Aviation Fuel ဝယ်ယူရန်အတွက် ရေရှည်အားဖြင့် စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်ပြီး ဈေးနှုန်းညှိနှိုင်းမှုများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ လေယာဉ်ဆီဝယ်ယူရေးအစီအစဉ်သည် Sustainable Aviation Fuel ထုတ်လုပ်သူ များအတွက် ဝယ်လိုအားမြင့်တက်မှုကိုဖြစ်စေပြီး Sustainable Aviation Fuel ထုတ်လုပ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း” SAFCo ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ Mr. Han Kok Juan က ပြောကြားခဲ့ပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီဖြစ်သည့် Neste က SAFCo ဖွဲ့စည်း တည်ထောင်မှုကို ကြိုဆိုကြောင်းနှင့် အခွန်ကောက်ခံရန်အစီအစဉ်သည် Sustainable Aviation Fuel အသုံးပြုမှုကို သိသိသာသာမြင့်တက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Sustainable Aviation Fuel ကို အသုံးပြုပြီးဟင်းချက်ဆီကဲ့သို့သော စွန့်ပစ်ပစ္စည်းများကို ပြန်လည်သန့်စင်ထုတ်လုပ်ပြီး ပုံမှန်လေယာဉ်လောင်စာဆီဈေးနှုန်းထက် ၃ ဆ၊ ၄ ဆပိုများပါသည်။ စင်ကာပူနိုင်ငံ၏ နှုန်းထားတစ်ခုသတ်မှတ်၍ အခွန်ကောက်ခံရန်အစီအစဉ်ကြောင့် ကောက်ခံရရှိလာသည့် ဝင်ငွေအပေါ်အခြေခံ၍ Sustainable Aviation Fuel ကို တွက်ချက်ဝယ်ယူသွားနိုင်မည်ဖြစ်ပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News