International News

အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့များကို တစ်ရက်တည်းဖြင့် ပမာဏအများဆုံးဝယ်ယူခဲ့သည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က  အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၄၇၂,၀၀၀ ဝယ်ယူခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းတစ်ရက်တည်းဖြင့် ပမာဏအများဆုံးဝယ်ယူခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(USDA)၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေးနွေးပွဲအပြီးတွင်ကြေညာခဲ့သည့် ကတိကဝတ်များကိုပြည့်မီရန် တရုတ်နိုင်ငံက ကြိုးပမ်းမှုလည်းဖြစ်သလို ကုန်သွယ်ရေးဆက်ဆံရေးတိုးတက်လာသည့် နောက်ဆုံးသောအရိပ်အယောင်တစ်ရပ်လည်းဖြစ်သည်။

အမေရိကန်၊ အိမ်ဖြူတော်၏အဆိုအရ တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ အမေရိကန်စိုက်ပျိုးရေးထွက်ကုန်များကို တစ်နှစ်လျှင်အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ဝယ်ယူရန်သဘောတူညီခဲ့ပြီး၊ ၎င်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ၎င်းတို့ပြုလုပ်ခဲ့သည့် ပဲပုတ်စေ့ဝယ်ယူရေးကတိကဝတ်များအပြင် ထပ်ဆောင်းချုပ်ဆိုခဲ့သည့်သဘောတူညီချက်တစ်ရပ်လည်းဖြစ်သည်။

တရုတ်နိုင်ငံသည် ၎င်း၏ကိုယ်ပိုင်ထုတ်ပြန်ချက်တွင် ဤကိန်းဂဏန်းများကို လူသိရှင်ကြားအတည်ပြုခြင်းမရှိသော်လည်း၊ တာဝန်ရှိသူများက နှစ်နိုင်ငံသည် မနှစ်က တောင်ကိုရီးယားတွင် ရရှိခဲ့သည့်ကုန်သွယ်ရေးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိုထိန်းသိမ်းရန်နှင့် အချို့သောစိုက်ပျိုးရေး ထွက်ကုန်များအပေါ် အခွန်အကောက်အချို့ကိုလျှော့ချရန် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ကြသည်။

ပဲပုတ်စေ့ဝယ်ယူရေးကတိကဝတ်ကို ထရမ့်နှင့်ရှီတို့၏ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့၌ ကျင်းပသည့်အစည်းအဝေးအတွင်း သဘောတူညီခဲ့ကြခြင်းဖြစ်သည်။  တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ကျန်ကာလအတွက် အမေရိကန်ပဲပုတ်စေ့တန်ချိန် ၁၂ သန်းနှင့် ၂၀၂၆ မှ ၂၀၂၈ ခုနှစ်အထိ အနည်းဆုံးတန်ချိန် ၂၅ သန်းဝယ်ယူရန် ကတိပြုခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့တွင်ကြေညာသည့် ဝယ်ယူမှုများအပြင်၊ နိုင်ငံပိုင်ကုန်သွယ်ရေးကုမ္ပဏီ Cofco(ကော့ဖ်ကို)သည် စက်တင်ဘာလနှင့် အောက်တိုဘာလကြားတွင် အဓိကအားဖြင့်တင်ဆောင်ရန် ကုန်တင်သင်္ဘော(၅)စီးကို ထပ်မံကြိုတင်မှာယူခဲ့ကြောင်း Bloomberg က သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

အမေရိကန်ပဲပုတ်စေ့များ တရုတ်နိုင်ငံသို့ တင်သွင်းရာတွင် အကောက် ခွန် ၁၃ ရာခိုင်နှုန်းကျခံရပြီး၊ ဘရာဇီးပဲပုတ်စေ့မှာ အကောက်ခွန် ၃ ရာခိုင်နှုန်းသာကျခံရသည်။ တရုတ်နိုင်ငံသို့ ပဲပုတ်စေ့တင်ပို့မှုတွင် အမေရိကန်၏အကြီးဆုံးပြိုင်ဘက်မှာ ဘရာဇီးနိုင်ငံဖြစ်ပြီး၊မနှစ်က အကောက် ခွန်အချက်အလက်များအရ ၎င်းသည် တရုတ်၏ စုစုပေါင်းပဲပတ်စေ့တင်သွင်းမှု၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည်။

Source: https://www.scmp.com/news/us/economy-trade-business/article/3359912/chinas-biggest-daily-us-soybean-order-confirmation-xi-trump-summit-pact

(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News