တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဥရောပသမဂ္ဂ(EU)တို့၏ ပိတ်ဆို့အရေးယူမှုများနှင့် ပို့ကုန်ထိန်းချုပ်မှုများကိုတန်ပြန်ရန် ၎င်း၏ကိရိယာတန်ဆာပလာများကို ချဲ့ထွင်လျက်ရှိပြီး၊ ဘေဂျင်း၊ ဝါရှင်တန်နှင့် ဘရပ်ဆဲလ်တို့အကြား အပြန်အလှန်ပြစ်ဒဏ်ခတ်အရေးယူမှုများဖလှယ်နေချိန်တွင် နိုင်ငံစုံကုမ္ပဏီများသည် အရေးယူမည့်လမ်းကြောင်းပေါ်ရောက်ရှိလျက်ရှိကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက ဖော်ပြကြသည်။
၂၀၂၆ ခုနှစ်မတ်လကတည်းက တရုတ်နိုင်ငံသည် ၎င်း၏ထောက်ပံ့ရေးကွင်းဆက်လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ယူဆရသော (သို့မဟုတ်) မသင့်လျော်သော နယ်မြေပိုင်ဆိုင်မှုပြင်ပတရားစီရင် ပိုင်ခွင့်ဖြင့် ပိတ်ဆို့အရေးယူမှုများကျင့်သုံးသည့် နိုင်ငံခြားအဖွဲ့အစည်းများကို လက်တုံ့ပြန်နိုင်သည့် စွမ်းရည်ကိုချဲ့ထွင်ပေးသည့် စည်းမျဉ်းသစ်နှစ်ရပ်ကို အတည် ပြုခဲ့သည်။ တရုတ်နိုင်ငံ၏ အများပြည်သူဆိုင်ရာ အကျိုးစီးပွားတရား စွဲဆိုမှုဥပဒေကိုအားကောင်းစေရန် ကျယ်ပြန့်သောကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဤရွေ့လျားမှုကို ဇွန်လတွင် ကြေညာခဲ့သည်။
ဧပြီလတွင် အတည်ပြုခဲ့သော နိုင်ငံတော်ကောင်စီအမိန့်အမှတ် ၈၃၅ အရ ကုမ္ပဏီများသည် "မသင့်လျော်သောနယ်မြေပိုင်ဆိုင်မှုပြင်ပတရား စီရင်ပိုင်ခွင့်"ပါရှိသည့်အစီအမံများကို အကောင်အထည်ဖော်ပါက ဒဏ် ငွေ၊ ဗီဇာဖျက်သိမ်းခြင်း၊ ပိုင်ဆိုင်မှုများအေးခဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုကန့်သတ်ချက်များနှင့် တရုတ်မှ ကုန်စည်တင်သွင်းတင်ပို့မှုများကို ကန့်သတ်ခြင်းတို့ ရင်ဆိုင်ရနိုင်သည်။
မတ်လတွင် အတည်ပြုခဲ့သော နိုင်ငံတော်ကောင်စီအမိန့်အမှတ် ၈၃၄ အရ ကုမ္ပဏီများသည် "တရုတ်၏စက်မှုလုပ်ငန်း သို့မဟုတ် ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်း"ပြုပါက ပြစ်ဒဏ်များရင်ဆိုင်ရနိုင်သည်။
တရုတ်နိုင်ငံ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၎င်း၏ ပိတ်ဆို့အရေးယူမှုတန်ပြန်ရေးဥပဒေများသည် တရုတ်၏"နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားများ"ကို ကာကွယ်ရန်နှင့်"တရုတ်နိုင်ငံသားများ၊ တရားဝင်ပုဂ္ဂိုလ်များနှင့် အခြားအဖွဲ့အစည်းများ၏တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကိုကာကွယ်ရန်"ဖြစ်ကြောင်း ယခင်က ပြောကြားခဲ့သည်။
၂၀၂၀ ခုနှစ်တွင် ၎င်း၏ "မယုံကြည်ထိုက်သော အဖွဲ့အစည်းများစာရင်း"(Unreliable Entities List)ကိုစတင်မိတ်ဆက်ပြီးနောက် တရုတ်သည် အနောက်နိုင်ငံများက အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုများနှင့် ဟောင်ကောင်၊ ရှင်းကျန်းဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုဟုဆိုကာ ချမှတ်ခဲ့သည့် နိုင်ငံခြားပိတ်ဆို့မှုများနှင့် ပို့ကုန်ထိန်းချုပ်မှုများကိုတန်ပြန်ရန် ၎င်း၏လက်နက်စာရင်းကို တည်ဆောက် ခဲ့သည်။
အမေရိကန်သည် AI ကိုမောင်းနှင်ရန်အသုံးပြုသည့် အဆင့်မြင့်ဆီမီးကွန်ဒတ်တာများအပါအဝင် အဆင့်မြင့်နည်းပညာများကို တရုတ်တို့လက်လှမ်းမမီစေရန်ကြိုးပမ်းခဲ့ပြီး အမေရိကန်ကုမ္ပဏီများအား တရုတ်စစ်တပ်နှင့်ဆက်စပ်နေသည့် အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ရန် ကန့်သတ်ခဲ့သည်။
ဥရောပသမဂ္ဂ(EU)သည် တရုတ်မှ "ဘေးကင်းရေးခွဲထုတ်ခြင်း"(derisking)ချဉ်းကပ်မှုတွင် ပြင်းထန်မှုနည်းသော်လည်း၊ ရှင်းကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ယူကရိန်းစစ်ပွဲတွင် ရုရှားကိုထောက်ပံ့သည်ဟုစွပ်စွဲကာ တရုတ်အဖွဲ့အစည်းများကို ပိတ်ဆို့အရေး ယူမှုများပြုလုပ်ခဲ့သည်။
မေလတွင် ဘေဂျင်းသည် အီရန်ရေနံဝယ်ယူမှုအတွက် တရုတ် "လက်ဖက်ရည်အိုး"(teapot) ရေနံချက်စက်ရုံများအပေါ် အမေရိကန်၏ ပိတ်ဆို့မှုများကို လိုက်နာခြင်းမှ တရုတ်နိုင်ငံသားများနှင့် ကုမ္ပဏီများကိုတားမြစ်ရန် ၎င်း၏ ၂၀၂၁ ခုနှစ် "ပိတ်ဆို့ခြင်းဥပဒေ"(blocking law)ကို ပထမဆုံး အကြိမ် အာဏာသုံးခဲ့သည်။
ထိုလအတွင်းပင် တရားရေးဝန်ကြီးဌာနသည် ဥရောပရှိ လက်အောက်ခံကုမ္ပဏီများရှိသည့် တရုတ်လုံခြုံရေးကိရိယာကုမ္ပဏီ Nuctech အား EU မှ စုံစမ်းစစ်ဆေးမှုသည် "မသင့်လျော်သောနယ်မြေပိုင်ဆိုင်မှုပြင်ပတရားစီရင်ပိုင်ခွင့်"(improper extraterritorial jurisdiction)ကိစ္စဖြစ်ကြောင်းဆုံးဖြတ်ရန် အမိန့်အမှတ် ၈၃၅ (Decree No. 835) ကို အာဏာသုံးခဲ့သည်။
ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အဆိုပါဆုံးဖြတ်ချက်အရ မည်သည့်အဖွဲ့အစည်း သို့မဟုတ် တစ်ဦးချင်းမှ EU ၏ စုံစမ်းစစ်ဆေးမှုကို ကူညီခွင့်မပြုကြောင်း ပြောကြားခဲ့သည်။
(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)