၂၀၂၆ ခုနှစ် တရုတ်(ကွမ်တုန်း)-အာဆီယံကုန်သွယ်မှုမြှင့်တင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုယန္တရားဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးနှင့်ဖလှယ်ရေးညီလာခံကျင်းပမည်ဟု ပြီးခဲ့သည့်တနင်္လာ နေ့က ကျင်းပခဲ့သော ကွမ်ကျိုးသတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ပါသည်။
ကွမ်တုန်းပြည်နယ်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်သည့်အချက်များကို ပေါင်းစပ်ဆွေးနွေးအဖြေရှာရန်ကျင်းပခြင်းဖြစ်ပါသည်။
ယခုနှစ်ဆွေးနွေးပွဲတွင် အစိုးရအရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များအပါအဝင် လူဦးရေ ၁၀၀၀ ကျော်တက်ရောက်မည်ဖြစ်ပြီး၊ အာဆီယံ -တရုတ်စင်တာသည် ယခုနှစ်တွင် ပူးတွဲကျင်းပသူအဖြစ် ပါဝင်လာခဲ့ပါကြောင်း ဖော်ပြထားပါသည်။
ယခုနှစ်ဆွေးနွေးပွဲသည် ဉာဏ်ရည်တုနည်းပညာနှင့် စက်မှုလုပ်ငန်းများအဆင့်မြှင့်တင်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စက်မှုနှင့်ထောက်ပံ့ရေးကွင်းဆက် ပေါင်းစပ်ဆောင်ရွက်ခြင်းတို့ကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ပါသည်။
ယခုညီလာခံသည် ကွမ်တုန်းဒေသ၏ ထုတ်လုပ်မှုစွမ်းအား၊ အာဆီယံဒေသ၏ သဘာဝအရင်းအမြစ်နှင့် ဈေးကွက်အလားအလာတို့ကိုပေါင်းစပ်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပြီး၊ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ကွမ်တုန်းပြည်နယ်၏ စက်မှုနှင့် နည်းပညာအခြေခံအဆောက်အအုံများ၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ၊ ကုန်ထုတ်လုပ်နိုင်မှုအားသာချက်များနှင့် သဘာဝအရင်းအမြစ်ကြွယ်ဝ သောအာဆီယံနိုင်ငံများ၏ အားသာချက်များကို ပေါင်းစပ်အသုံးချ၍ ‘ကွမ်တုန်း ထုတ်လုပ်မှု + အာဆီယံအရင်းအမြစ်များ'နှင့် 'ကွမ်တုန်းနည်းပညာ + အာဆီယံဈေးကွက်များ'ဟူသော ပုံစံသစ်ဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်စွာဖော်ဆောင်နိုင်ရန်နှင့် အကျိုးရလဒ်များအား အတူတကွခံစားနိုင်ရန် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပါသည်။
ယခုညီလာခံတွင် ဉာဏ်ရည်တုနည်းပညာအား စက်မှုလုပ်ငန်းအဆင့်မြှင့်တင်ရေးတွင် ပိုမိုထိရောက်စွာအသုံးချနိုင်ရေး အဓိကထားဆွေးနွေးမည်ဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ပိုမိုထိရောက်စေရေးအတွက် နည်းပညာအကူအညီများနှင့်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါသည်။
ယခုနှစ်ဆွေးနွေးပွဲတွင် အာဆီယံ-တရုတ်စင်တာပါဝင်လာခြင်းသည် ပိုမိုယုံကြည်စိတ်ချရသော ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းတစ်ခုဖြစ်လာစေပြီး အထူးသဖြင့် စွမ်းအင်နှင့် အခြေခံအဆောက် အအုံကဏ္ဍများတွင် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အလားအလာများစွာရှိပါသည်။
(လဲ့လဲ့နှင်း၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)