International News

အမေရိကန်နှင့် အခွန်တိုးမြှင့်ရေးတင်းမာမှုများရှိနေသော်လည်း အိန္ဒိယ၏မော်တော်ယာဉ်အပိုပစ္စည်းတင်ပို့မှု ဆက်လက်အားကောင်းနေ

Last Updated:

အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးအခွန်အတားအဆီးဆိုင်ရာ တင်းမာမှုများမြင့်တက်နေသော်လည်း၊ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်(FY26)အတွင်း အိန္ဒိယမော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သူများအတွက် အမေရိကန်သည် အကြီးမားဆုံးသော ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေကြောင်းသိရသည်။ အိန္ဒိယမော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သူများအသင်း (ACMA)၏အချက် အလက်များအရ ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယ၏ ပြည်ပပို့ကုန်စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းသည် အမေရိကန်ဈေးကွက်သို့သွားရောက်ခဲ့ပြီး၊ ၎င်း၏နောက်တွင် ဂျာမနီ(၉ ရာခိုင်နှုန်း) နှင့်ထိုင်း(၄ ရာခိုင်နှုန်း)တို့က အသီးသီးလိုက်ပါနေသည်။ ယင်းကာလအတွင်း အိန္ဒိယ၏မော်တော် ယာဉ် အပိုပစ္စည်းပြည်ပတင်ပို့မှုသည် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ပို့ကုန်တိုးတက်လာခြင်းမှာ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ မော်တော် ယာဉ်အပိုပစ္စည်းတင်ပို့သူများအပေါ် အခွင့်အရေးမသာ တူညီမျှသောကုန်သွယ်မှုပုံစံများ ကျင့်သုံးနေသည်ဆိုကာ ပုဒ်မ ၃၀၁(Section 301) အရ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည့်ကြားမှပင်ဖြစ်ကြောင်းသိရသည်။ အမေရိကန်ဘက်က အိန္ဒိယလုပ်ငန်းများအပေါ် မမျှတသော အလုပ်သမားဆိုင်ရာကျင့်ထုံးများကျင့်သုံးခြင်းနှင့် အစိုးရထောက်ပံ့ ကြေးများဖြင့် လိုအပ်သည်ထက် ပိုလျှံသောကုန်ထုတ်စွမ်းအားများ တည်ဆောက်ခြင်းဟူသော အချက်နှစ်ချက်ဖြင့် စွပ်စွဲထားခြင်းဖြစ် သည်။ လက်ရှိတွင် အိန္ဒိယမှ အမေရိကန်သို့ တင်ပို့သော အပိုပစ္စည်း များ၏ထက်ဝက်နီးပါးမှာ ၂၅ ရာခိုင်နှုန်းအခွန်စည်းကြပ်မှုခံနေရပြီး ကျန်ရှိသော အစိတ်အပိုင်းများအပေါ် ၁၂.၅ ရာခိုင်နှုန်းအခွန်တိုးမြှင့်ရန် ဥပဒေအရ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကာ ယခုလနှောင်းပိုင်းတွင် ကြားနာပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

သို့သော်လည်း ACMA ၏ညွှန်ကြားရေးမှူးချုပ် Vinnie Mehta က အမေရိကန်၏ စွပ်စွဲချက်များကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပြီး၊ အိန္ဒိယ၏ မော်တော်ယာဉ်အပိုပစ္စည်းကဏ္ဍသည် အစိုးရထံမှထောက်ပံ့ကြေးတစ်စုံ တစ်ရာရယူထားခြင်းမရှိသလို ကလေးအလုပ်သမားအသုံးပြုမှုလည်း လုံးဝမရှိဘဲ အမျိုးသားအလုပ်သမားဥပဒေများကို စနစ်တကျလိုက်နာလျက်ရှိကြောင်း ရှင်းလင်းခဲ့ကြောင်းသိရသည်။ တစ်ဖက်တွင်လည်း အမေရိကန်အစိုးရသည် ၎င်း၏ပြည်တွင်းကုမ္ပဏီများကို တရုတ်နိုင်ငံ အပေါ်မှီခိုနေရသည့် ထောက်ပံ့ရေးကွင်းဆက်မှ ခွဲထွက်ရန်(China+1 မဟာဗျူဟာ)တွန်းအားပေးနေချိန်တွင် အိန္ဒိယသည် အဓိကအစားထိုးရာနေရာတစ်ခုဖြစ်လာခဲ့သည်။ လက်ရှိတွင် အမေရိကန်ကုမ္ပဏီများစွာသည် အိန္ဒိယလုပ်ငန်းရှင်များထံသို့ ဈေးနှုန်းတင်ဒါခေါ်ယူမှု(RFQs) များပေးပို့လာနေပြီး၊ ၎င်းတို့၏ ကုန်ကြမ်းထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးသည် တရုတ်နိုင်ငံအပေါ် လုံးဝမှီခိုမှုမရှိစေရဟု အတိအလင်းကန့်သတ်ဖော်ပြလာကြရာ ဤအချက်က ကမ္ဘာ့အဆင့်မီကုန်ပစ္စည်းအရင်းအမြစ်ရှာဖွေရာ ဗဟိုချက်အဖြစ် အိန္ဒိယအပေါ် ယုံကြည်မှုတိုးတက်လာခြင်းကို ပြသနေသည်။

ရှေ့လုပ်ငန်းစဉ်မျှော်မှန်းချက်များအရ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယ၏ မော်တော်ယာဉ် အပိုပစ္စည်းကဏ္ဍသည် ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပပို့ကုန်အားကောင်းမှုကြောင့် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဆက်လက်တိုးတက်ရန် မျှော်မှန်းထားသည်။ သို့သော်လည်း တရုတ်နိုင်ငံမှ အပိုပစ္စည်း တင်သွင်းမှုမြင့်မားခြင်းကြောင့် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပို့ကုန်ထက် သွင်းကုန်က ပိုများကာ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံပြသခဲ့ကြောင်းသိရသည်။ ACMA ဥက္ကဋ္ဌ Vikrampati Singhania ကမူ အိန္ဒိယ၏ မော်တော် ယာဉ်အပိုပစ္စည်းလုပ်ငန်း ကာလလတ်နှင့် ရေရှည်အလားအလာမှာ အပြုသဘောဆောင်နေဆဲဖြစ်ပြီး ပြည်တွင်းဝယ်လိုအားမြင့်တက်လာခြင်း၊ အခြေခံအဆောက်အအုံဗဟိုပြုစီးပွားရေးတိုးတက်မှုနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ(FTAs)မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်နှင့် ပိုမိုချိတ်ဆက်လာနိုင်ခြင်းတို့က လုပ်ငန်းကို ဆက်လက် တွန်းအားပေးနေမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။

Source: The Economic Time: India's auto parts exports to US remain strong despite tariff tensions

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News