International News

တရုတ်နိုင်ငံ၏ Yealink ဆက်သွယ်ရေးလုပ်ငန်းက စင်ကာပူနိုင်ငံတွင် ရုံးချုပ်အခြေစိုက်ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်မည်ဖြစ်

Last Updated:

တရုတ်နိုင်ငံ၏ Yealink ဆက်သွယ်ရေးလုပ်ငန်းသည် ကမ္ဘာအနှံ့လုပ်ငန်းများချဲ့ထွင်ခြင်းနှင့် သုံးစွဲသူများထံ ဝန်ဆောင်မှုပေးခြင်းတို့ကို ပိုမိုတိုးချဲ့ဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် ၎င်း၏ရုံးချုပ်ကို စင်ကာပူနိုင်ငံတွင် အခြေစိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း Singapore Business Review သတင်းစာတွင်ဖော်ပြပါရှိပါသည်။

အဆိုပါရုံးချုပ်သည် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရန်၊ ထောက်ပံ့မှုကွင်းဆက်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း၊ သုံးစွဲသူများကို ဝန်ဆောင်မှုပေးခြင်းနှင့် အချက်အလက်များသိမ်းဆည်းခြင်းတို့တွင် အထောက်အကူပြုရန်ဖြစ်ကြောင်း၊ Yealink ၏အာရှ-ပစိဖိတ်ဆိုင်ရာကိစ္စများနှင့် အချက်အလက်များသိမ်းဆည်းသည့် ဝန်ဆောင်မှု(Yealink Management Cloud Service-YMCS)တို့အတွက် စီမံခန့်ခွဲရေးဌာနအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် လာရောက်အခြေစိုက်ဆောင်ရွက်ရန်ဆုံးဖြတ်ခြင်းသည် နယ်စပ်ဖြတ်ကျော်အချက် အလက်များစီးဆင်းမှုအတွက် ခိုင်မာသော ဥပဒေမူဘောင်၊ အချက် အလက်များလုံခြုံရေးအတွက် စည်းမျဉ်းစည်းကမ်းများနှင့် စီမံခန့်ခွဲမှု အားကောင်းခြင်းတို့ကြောင့်ဖြစ်ပြီး သုံးစွဲသူများ၏ဝန်ဆောင်မှုနှင့် နည်းပညာမျှဝေခြင်းဆိုင်ရာအစီအစဉ်များပါဝင်သော(CustomerExperience Center-CEC)ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းဖော်ပြပါရှိပါသည်။

တရုတ်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းစုက စင်ကာပူနိုင်ငံတွင်အခြေစိုက်၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် စီးပွားရေးကဏ္ဍ၌သာမက သတင်းအချက်အလက်များထိန်းသိမ်းခြင်းနှင့် မျှဝေခြင်းကို ပူးပေါင်းဆောင်ရွက်သည့် အနေအထားဖြစ်ပါသည်။ စင်ကာပူနိုင်ငံ၏ ခိုင်မာအားကောင်းသော ဆက်သွယ်ရေးနည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကြောင့် ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု တွေ့ရှိရပါကြောင်းနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေနှင့်လုပ်ထုံး လုပ်နည်းများကို ခေတ်နှင့်လျော်ညီစွာ အဆင့်မြှင့်တင်နိုင်ပါက ရင်းနှီး မြှုပ်နှံမှုများကို ကဏ္ဍပေါင်းစုံအတွက် ဖိတ်ခေါ်နိုင်မည်ဖြစ်ပါသည်။

ရင်းမြစ်။        Singapore Business Review သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News