ဒူဘိုင်းမြို့တွင် စင်ကာပူနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအသစ်များသည် နှစ်စဉ်တိုးမြင့်ခဲ့ရာ ၂၀၂၅ ခုနှစ်တွင် ၂၂ ရာခိုင်နှုန်းထိတိုးမြင့်ခဲ့ကြောင်း Singapore Business Review သတင်းစာတွင် ဖော်ပြပါရှိပါသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုအသစ်များသည်မတည်ရင်းနှီးငွေစင်ကာပူဒေါ်လာ ၂၆၅ သန်း(အမေရိကန်ဒေါ်လာ ၂၀၅ သန်း)ရှိပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁,၂၅၃ ခုဖြင့် ၂.၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ၂၇ ခု၊ ရင်းနှီးမြှုပ်နှံသည့်ပမာဏစင်ကာပူဒေါ်လာ ၁၄၈ သန်း(အမေရိကန်ဒေါ်လာ ၁၁၅ သန်း) ဖြင့် ဒူဘိုင်းမြို့တွင် ရင်းနှီးမြှုပ်မှုအများဆုံးနံပါတ် ၁၀ နေရာတွင် ရပ်တည်ခဲ့ရာမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာခြင်းဖြင့် နံပါတ် ၇ နေရာသို့ရောက်ရှိလာခဲ့ကြောင်း၊ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဆော့ဖ်ဝဲလ်နှင့် သတင်းအချက် အလက်နည်းပညာဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်သိုလှောင်ရေးလုပ်ငန်း ၇ ခုသည် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမတည်ငွေပမာဏအများဆုံးဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ၃ ခုကိုလည်း ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြပါရှိပါသည်။
ထို့ပြင် ဒူဘိုင်းမြို့တွင် ရင်းနှီးမြှုပ်နှံထားသော စင်ကာပူကုမ္ပဏီများအနက် QuikBot Technologies ကုမ္ပဏီသည် ဒူဘိုင်းမြို့ပေါင်းစပ်စီးပွားရေးဇုန်များအာဏာပိုင်အဖွဲ့(Dubai Integrated Economic Zones Authority)နှင့်ပူးပေါင်း၍ Dubai Silicon Oasis လွတ်လပ်သော ကုန်သွယ်ရေးဇုန်တွင် လုပ်ငန်းများလည်ပတ်လျက်ရှိပါကြောင်း၊ ဒူဘိုင်းမြို့တွင် အိန္ဒိယနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအများဆုံးဆောင်ရွက်လျက်ရှိပြီး ယူကေနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည်လည်း ဒုတိယနှင့် တတိယရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံများဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
စင်ကာပူနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းချဲ့ထွင်ဆောင်ရွက်လာနိုင်မှု အားကောင်းလာသည်နှင့်အမျှ နှစ်နိုင်ငံနှင့်နိုင်ငံများအကြား စီးပွားရေးကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ခိုင်မာအားကောင်းလာစေနိုင်မည့် အလားအလားများဖြစ်ပါသည်။
ရင်းမြစ်။ Singapore Business Review သတင်းစာ
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)