International News

အိန္ဒိယပုစွန်တင်ပို့သူများက အမေရိကန်၏ အခွန်သက်ရောက်မှုကို ကာမိစေရန် အစိုးရ၏မက်လုံးပေး အကူအညီများအား တောင်းခံ

Last Updated:

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးပင်လယ်စာဈေးကွက်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုသို့ ပုစွန်တင်ပို့မှုအပေါ် ၅၀ ရာခိုင်နှုန်း တန်ပြန်သွင်းကုန်ခွန်ကောက်ခံမှုက အဆိုပါကဏ္ဍအပေါ် ထိခိုက်နစ်နာစေမည်ဖြစ်ရာ၊ သက်ဆိုင်သူများက အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုများမှတစ်ဆင့် အခြေအနေကိုကျော်လွှားနိုင်ရန် အကူအညီများတောင်းခံခဲ့ကြောင်းသိရသည်။ အိန္ဒိယအစိုးရ၏ အတိုးနှုန်းညီမျှစေရေးအစီအစဉ် (Interest equalisation scheme)ပြန်လည်စတင်ခြင်းနှင့် ပို့ကုန်အများအပေါ် ကျခံထားသည့် အခွန်အခများပြန်လည်လျှောက်ထားရယူခွင့်အစီအစဉ်(The Remiss ion of Duties and Taxes on Exported Products-RoDTEP scheme)အောက်ရှိ မက်လုံးများကို တိုးမြှင့်ပေးခြင်းကဲ့သို့သော အစီအစဉ်များကို ပြန်လည်သုံးသပ်ပေးရန်တောင်းဆိုခဲ့ကြကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။

သက်ဆိုင်သူများက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများထုတ်ဖော်ပြောကြားရာတွင် အိန္ဒိယပင်လယ်စာပို့ကုန်လုပ်ငန်းရှင်များအသင်း(Seafood Exporters Association of India-SEAI)က ဤမျှမြင့်မားသောအခွန်နှုန်းထားဖြင့် မည်သည့်ဈေးကွက်ကိုမှကုန်ပစ္စည်းများတင်ပို့ရန်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ပြည် ထောင်စု၏ အဆိုပါလုပ်ရပ်သည် အိန္ဒိယပင်လယ်စာကဏ္ဍအတွက် အဆိုပါနိုင်ငံ၌ တည်ရှိနေသောခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ ဈေးကွက်ကို အန္တရာယ်ဖြစ်စေသည်ဟု SEAI ၏အထွေထွေအတွင်းရေးမှူး K.N. Raghvan က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှ ကျင့်သုံးလျက်ရှိသည့် မတူညီသောအခွန်နှုန်းထားစနစ် (Differential tariff system)သည် နိုင်ငံအသီးသီးအား မတူညီသော အခွန်နှုန်းထားများကို ကမ်းလှမ်းထားရာ၊ ၎င်းသည် အိန္ဒိယပင်လယ်စာကဏ္ဍကို သိသိသာသာနစ်နာစေကြောင်း၊ အိန္ဒိယ၏ အဓိကပြိုင်ဘက်များမှာ အခွန်နှုန်းထား ၁၅ ရာခိုင်နှုန်းရှိသော အီကွေဒေါနိုင်ငံဖြစ်ပြီး၊ အင်ဒိုနီးရှား(၁၉ ရာခိုင်နှုန်း)နှင့် ဗီယက် နမ်(၂၀ ရာခိုင်နှုန်း)တို့က နောက်မှလိုက်လျက်ရှိကြောင်းသိရသည်။ ထို့ကြောင့် အဆိုပါနိုင်ငံများမှ အမေ ရိကန်ပြည်ထောင်စုသို့ ပင်လယ်စာတင်ပို့ရာတွင် အိန္ဒိယနိုင်ငံထက်ကြီးမားသော "အကောက်ခွန်ဆိုင်ရာအားသာချက်" ကိုရရှိစေသည်ဟု Raghavan က ပြောကြားခဲ့သည်။

SEAI အနေဖြင့် အိန္ဒိယပင်လယ်စာထွက်ကုန်များအတွက် အခြားဈေးကွက်များကို ရှာဖွေလျက်ရှိသော်လည်း လက်ရှိရင်ဆိုင်နေရသော ခက်ခဲသောအခြေအနေကို ကျော်လွှားနိုင်ရန် အစိုးရ၏ အကူအညီကို တောင်းခံခဲ့ခြင်းဖြစ်သည်။ ထုတ်လုပ်မှုယူနစ်များတွင် လုပ်ငန်းများမရပ်မနား ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် ဝယ်ယူမှုများအနှောင့်အယှက်မရှိ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ယင်းသို့အကူအညီတောင်းခံရခြင်းဖြစ်ကြောင်း သိရသည်။ “အမေရိကန်ပြည်ထောင်စုသို့ ပင်လယ်စာဆက်လက်တင်ပို့မှုကို လွယ်ကူချောမွေ့စေမယ့် အမြန်ဆုံးဖြေရှင်းချက်တစ်ခု ထွက်ပေါ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယမွေးမြူရေးအစာစပ်လုပ်ငန်းရှင်များအသင်း(Compound Livestock Feed Manufacturers Association-CLFMA)၏ဥက္ကဋ္ဌ Divya Kumar Gulati က “အိန္ဒိယ မွေးမြူရေးနှင့် ပင်လယ်စာပို့ကုန်များအပေါ် အမေရိကန်ပြည်ထောင်စုက ၅၀ ရာ ခိုင်နှုန်းအကောက်ခွန်စည်းကြပ်မှုဟာ ဒီကဏ္ဍအတွက် ကြီးမားတဲ့ထိခိုက်နစ်နာမှုပါပဲ။ ဒီအခွန်တွေက ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေရုံသာမကဘဲ အထူး သဖြင့် ရေလုပ်ငန်းနဲ့ တိရစ္ဆာန်ပရိုတင်းထုတ်လုပ်မှုက အရေးပါတဲ့ ကမ်းရိုးတန်းနဲ့ ကျေးလက်စီးပွားရေးတွေက အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုပါ ထိခိုက်စေပါတယ်။ ဒီသက်ရောက်မှုကို လျှော့ချဖို့အတွက် RoDTEP လိုမျိုးအစီအစဉ်တွေအောက်မှာ ပို့ကုန်မက်လုံးတွေကို ချဲ့ထွင်ပြီး ပြန်လည်ချိန်ညှိဖို့၊ ထိခိုက်နစ်နာတဲ့ကဏ္ဍတွေအတွက် WTO-စည်းမျဉ်းများကို လိုက်နာမှုရှိတဲ့ ပိုမိုမြင့်မားတဲ့ လျှော့စျေးတွေပေးအပ်ဖို့ အစိုးရကို ကျွန်တော်တို့တိုက်တွန်းပါတယ်”ဟု ပြောကြားခဲ့သည်။ “ပို့ကုန်လုပ်ငန်းရှင်တွေ၊အထူးသဖြင့် အသေးစားနဲ့အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေရရှိမှုလွယ်ကူစေဖို့နဲ့ ငွေကြေးကုန်ကျစရိတ်တွေလျှော့ချနိုင်ဖို့ Interest Equalisation Scheme(IES)ကို ပြန်လည်စတင်ဖို့ ကျွန်တော်တို့အကြံပြုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုအပေါ် မှီခိုမှုကို လျှော့ချရန်အတွက် အရှေ့အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကကဲ့သို့သောဖွံ့ဖြိုးဆဲဒေသများသို့ ဈေးကွက်ဝင်ရောက်ခွင့်ကို လွယ်ကူချောမွေ့စေခြင်းဖြင့် ဈေးကွက်ကွဲပြားမှု (Market diversification)ကို တက်ကြွစွာမြှင့်တင်ရမည်ဟု Gulati က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ယင်းသို့တိုးမြှင့်ခွန် ၅၀ ရာခိုင်နှုန်းအပြင် ပင်လယ်စာပို့ကုန်များအပေါ် စည်းကြပ်ကောက်ခံသည့် တန်ပြန်အခွန်(Counter vailing duty) ၅ ဒသမ ၇၇ ရာခိုင်နှုန်းနှင့် စုပုံတင်ပို့မှုတန်ပြန်သည့်အခွန်များ(Anti-dumping duties) ထပ်ဆောင်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Seafood Exporters Association of India အနေဖြင့် အဆိုပါတိုးမြှင့်အခွန်များ၏ ဝန်ထုပ်ဝန်ပိုးကို ပို့ကုန်လုပ်ငန်းရှင်များအပေါ် ကျခံစေမည်မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုရှိ ဝယ်လက်များထံ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

InCred Equities မှ လေ့လာသုံးသပ်သူ Nitin Awasthi က ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအား အခြေအနေတင်းကျပ်လာခြင်းနှင့် ပြည်တွင်းအခြေခံအုတ်မြစ်များ ခိုင်မာလာခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပုစွန်ပို့ကုန်ကဏ္ဍတွင် ထိပ်တန်းပြိုင်ဘက်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ နိုင်ငံအနေဖြင့် ရေတိုအခက်အခဲသည်ရှိနေသော်လည်း ရေရှည်အလားအလာမှာ မပြောင်းလဲသေးဟု ၎င်းက ပြောကြားခဲ့သည်။

Source:      The Hindu Businessline, Indian shrimp exporters seek incentives to offset tariff impact, August 7, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News