International News

စင်ကာပူနိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း ဒေသတွင်း၌ နယ်စပ်ဖြတ်ကျော်ဒေတာစီးဆင်းမှု ပိုမိုကောင်းမွန်စေရန် ဉာဏ်ရည်တု (AI) ကို တွန်းအားပေးဆောင်ရွက်မည်

Last Updated:

ဒေသတွင်းနိုင်ငံများ၏ အစိုးရများက နည်းပညာယှဉ်ပြိုင်မှုများ ပိုမိုအားကောင်းလာသည်နှင့်အညီ စင်ကာပူနိုင်ငံသည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ၂၀၂၇ ခုနှစ်တွင် အရှေ့တောင်အာရှဒေသတွင်း ဉာဏ်ရည်တု(AI)ကိုအသုံးပြု၍ စီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးနိုင်ရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း The Strait Times သတင်းစာတွင် ဖော်ပြပါရှိပါသည်။

စင်ကာပူနိုင်ငံ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီး Josephine Teo က အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများနှင့် ယင်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အလုပ်သမားများ၏ AI အသုံးပြုခြင်းကို အားပေးရန်အတွက် လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံကို လိုအပ်သည်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၁၇-၆-၂၀၂၆ ရက်နေ့တွင် ဂျကာတာမြို့၌ ကျင်းပပြုလုပ်သော အာရှဒေသစီးပွားရေးထိပ်သီးအစည်းအဝေး(Asia Economic Summit)တွင်ပြောကြားခဲ့ပါသည်။ ထို့ပြင် AI ၏ သက်ရောက်မှုများ၊ ဂေဟစနစ်၊ ဒေတာသိမ်းဆည်းသည့်စနစ်များ စသည်တို့ကိုစီမံခန့်ခွဲသည့် နည်းလမ်းများကို ကောင်းစွာသိရှိနားလည်ရန်နှင့် နည်းပညာဆိုင်ရာမိတ်ဖက်များနှင့်ပူးပေါင်း၍ AI ကို အကျိုးရှိစွာ အသုံးချနိုင်ရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

အာဆီံယံသည် AI ဖွံ့ဖြိုးတိုးတက်မှုအတွက် အချက်အချာကျသော ဒေသတစ်ခုဖြစ်သည့်အတွက် စင်ကာပူနိုင်ငံအစိုးရသည် AI အသုံးပြု၍ ၎င်း၏လုပ်ငန်းအစီအမံများပြင်ဆင်ဆောင်ရွက်ခြင်းအပါအဝင် ဒီဂျစ်တယ်အရင်းအမြစ်များနှင့် ဆက်စပ်သည့်လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အရှေ့တောင်အာရှဒေသသည် ကမ္ဘာ့ဒီဂျစ်တယ်ဈေးကွက်တွင် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်သည့် ဒေသတစ်ခုဖြစ်ပြီး ဒီဂျစ်တယ်ဈေးကွက်ပမာဏအားဖြင့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံ (စင်ကာပူဒေါ်လာ ၃၈၅ ဘီလီယံ)အထိရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ရေအောက်ဆက်သွယ်ရေးကြိုးလိုင်းများ ပိုမိုချဲ့ထွင်လာသည်နှင့်အမျှ ၂၀၂၅ ခုနှစ်နှင့် ၂၀၃၀ ပြည့်နှစ်အကြား ဒေတာစင်တာ၏ ဒေသတွင်း လုပ်ဆောင်နိုင်အားသည်လည်း ၃ ဆတိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် အခြေခံအဆောက်အအုံဟုဆိုရာ၌ ကေဘယ်ကြိုးများနှင့် ကွန်ပျူတာအသုံးပြုသည့် စွမ်းအောင်နိုင်ရည်သာမက Software နှင့်မူဝါဒရေးရာမူဘောင်များလည်းပါဝင်ကြောင်း၊ အာရှဘာသာစကားများကို လွယ်ကူစွာလေ့လာနိုင်သော SEA-LION ကဲ့သို့ကွန်ရက်များကို အသုံးပြုသည့် အကြိမ်အရေအတွက်မှာ ၂၀၀, ၀၀၀ ကျော်ရှိခဲ့ပြီး AI အသုံးပြုသည့် Application များ ဒေသတွင်း၌ တည်ဆောက်ရန်အတွက် ကုမ္ပဏီများက ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြပါရှိပါသည်။

နိုင်ငံပေါင်းများစွာ၌ စီးပွားရေးလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများသည် ၎င်းတို့၏ ဝယ်ယူသုံးစွဲသူများနှင့် ထောက်ပံ့မှုကွင်းဆက်များကို လေ့လာသုံးသပ်ပြီး AI အသုံးပြုသည့် အစီအမံများကို ချမှတ်ဆောင်ရွက်သင့်ကြောင်း၊ ဂျကာတာမြို့၊ ဘန်ဒေါင်းမြို့နှင့် ဗန်ကောက်မြို့များရှိ အသေးစားကုမ္ပဏီများကိုလည်း အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသင့်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ဒေတာစီးဆင်းမှုအားကောင်းလာစေရန်နှင့် ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများချမှတ်ဆောင်ရွက် နိုင်ရန် ရည်ရွယ်ပြင်ဆင်ရေးဆွဲထားသည့် အာဆီယံ၏ဒီဂျစ်တယ်စီးပွား ရေးမူဘောင်သဘောတူညီချက်(Digital Economy Framework Agreement – DEFA)ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံ၏ ကွဲပြားခြားနားသော စည်းမျဉ်းစည်းကမ်းများနှင့် လိုအပ်ချက်များကြောင့် နည်းပညာကုမ္ပဏီများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြပါရှိပါသည်။

အာဆီယံသည် ဒေသတွင်းချိတ်ဆက်မှုအားကောင်းသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် AI နည်းပညာဖြင့် စီးပွားရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ ချိတ်ဆက်ဆောင်ရွက်နိုင်ပါက ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုအားကောင်းလာစေပြီး ဒေသတွင်းမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အလမ်းများရရှိလာနိုင်ပါသည်။

ရင်းမြစ်။        The Straits Times သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)     

Category: International News