International News

တရုတ်နိုင်ငံသည် နော်ဝေပင်လယ်စာတင်ပို့မှု၏ ကမ္ဘာ့ထိပ်တန်းဈေးကွက်သုံးခုတွင် ပထမဆုံးအကြိမ် ပါဝင်လာခဲ့

Last Updated:

Norwegian Seafood Council သည် ၂၀၂၅ ခုနှစ်အတွက် ပင်လယ်စာတင်ပို့မှုရလဒ်များကို ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နော်ဝေပင်လယ်စာတင်ပို့မှုတွင် အဆင့်(၆)နေရာရှိခဲ့ရာမှ ယခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းဈေးကွက်သုံးခုတွင် ပထမဆုံးအကြိမ်ပါဝင်လာခဲ့ပြီး နော်ဝေနိုင်ငံ၏ ပင်လယ်စာကုန်သွယ်မှုအတွက် အဓိကတိုးတက်မှုတွန်းအားတစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။

နော်ဝေနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုစုစုပေါင်းသည် ယခုနှစ်အတွက် တန်ချိန်(၂.၈)သန်းအထိရောက်ရှိခဲ့ပြီး ပို့ကုန်တန်ဖိုးသည် နော်ဝေငွေ (Norwegian Krone-NOK)(၁၈၁.၅)ဘီလီယံ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ)သို့ စံချိန်တင်မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက နော်ဝေငွေ(NOK)(၆.၄) ဘီလီယံ (သို့မဟုတ်) (၄)ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟု ကောင်စီက ပြောကြားခဲ့ကြောင်းသိရသည်။

၂၀၂၅ ခုနှစ်တွင် နော်ဝေနိုင်ငံမှ တရုတ်နိုင်ငံသို့ ပင်လယ်စာ(၁၇၈,၂၄၆) တန်တင်ပို့ခဲ့ပြီး ပင်လယ်စာဟင်းပွဲ(၂.၄၄)သန်းခန့်နှင့်ညီမျှကြောင်း၊ ပို့ကုန်တန်ဖိုးသည် နော်ဝေငွေ(NOK)(၁၂.၃)ဘီလီယံသို့ စံချိန်တင်မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နော်ဝေပင်လယ်စာတင်ပို့မှုတွင် ဆဋ္ဌမနေရာမှ သုံးနေရာတက်လာကာ ထိပ်တန်းကမ္ဘာ့ဈေးကွက်သုံးခုတွင် ပထမဆုံးအကြိမ်ပါဝင်လာခဲ့ကြောင်း ကောင်စီက ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် နော်ဝေပင်လယ်စာအတွက် တိုးတက်မှုအမြင့်ဆုံးဈေးကွက်လည်းဖြစ်ပြီး ပို့ကုန်တန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် နော်ဝေငွေ(၂.၉)ဘီလီယံရှိခဲ့ကာ (၃၀.၉)ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ တရုတ်စားသုံးသူများကြား အရည်အသွေးမြင့်နော်ဝေပင်လယ်စာဝယ်လိုအားသည် တည်ငြိမ်စွာဆက်လက်တိုးတက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က နော်ဝေပင်လယ်စာထုတ်ကုန်အမျိုးမျိုးသည် တရုတ်နိုင်ငံသို့ တင်ပို့မှုမြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် နော်ဝေဆယ်လ်မွန်ငါးသည် ထင်ရှားခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏ (၉၀,၉၀၆)တန်အထိရောက်ရှိခဲ့ကာ တစ်နှစ်ထက်တစ်နှစ် (၉၉)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ တင်ပို့မှုတန်ဖိုးမှာ (၅၉)ရာခိုင်နှုန်းမြင့်တက်လာကာ နော်ဝေငွေ(NOK)(၈.၁၀၉)ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ပင်လယ်စာကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တိုးတက်လာမှုသည် တရုတ်နိုင်ငံ၏ဆယ်လ်မွန်ငါးစားသုံးမှု သိသိသာသာမြင့်တက်လာခြင်းနှင့် နော်ဝေနိုင်ငံသည် ဈေးကွက်ဝေစုရရှိလာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ တရုတ်နိုင်ငံသို့ အတ္တလန္တိတ်ဆယ်လ်မွန်ငါးတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် (၄၈)ရာခိုင်နှုန်းမြင့်တက်လာပြီး နော်ဝေ၏ဈေးကွက်ဝေစုသည် ယခင်နှစ်က (၄၁)ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် (၅၇)ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့တိုးတက်လာမှုသည် လူကြိုက်များမှု၊ ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုနှင့် တရုတ်နိုင်ငံ၌ ဝယ်လိုအားရှိသည့် ဆယ်လ်မွန်ငါးများကို အများအပြားတင်ပို့ရောင်းချနိုင်မှုတို့ကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် ရောင်းချမှုလမ်းကြောင်းအသစ်များနှင့် တရုတ်မြို့ငယ်လေးများတွင် ဖြန့်ဖြူးမှုတိုးတက်လာခြင်းကလည်း အပြုသဘောဆောင်သည့် အထောက်အပံ့တစ်ခုဖြစ်စေခဲ့ကြောင်း Norwegian Seafood Council ၏ တရုတ်ဒါရိုက်တာ Sigmund Bjørgo က ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်တွင်ပင် တရုတ်နိုင်ငံသည် နော်ဝေရေအေးပုစွန်အတွက် အကြီးဆုံးနှင့်အလျင်မြန်ဆုံးကြီးထွားလာသော ဈေးကွက်လည်းဖြစ် ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏမှာတန်ချိန် (၈,၃၉၂)ရှိပြီး ယခင်နှစ်ထက် (၂၄၄)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ တင်ပို့မှုတန်ဖိုးမှာ (၃၄၅)ရာခိုင်နှုန်းမြင့်တက်လာပြီး နော်ဝေငွေ(NOK) (၄၅၀)သန်းအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

နော်ဝေပင်လယ်စာများသည် တရုတ်ဈေးကွက်၏ ယုံကြည်မှုကို ဆက်လက်ရရှိနေကာ တရုတ်နိုင်ငံသည် နော်ဝေပင်လယ်စာအတွက် အရေးကြီးဆုံးပို့ကုန်ဈေးကွက်များအနက်မှ တစ်ခုဖြစ်လာခဲ့ကြောင်း၊ တရုတ်ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး အရည်အသွေးမြင့်နော်ဝေပင်လယ်စာထုတ်ကုန်များကို တရုတ်စားသုံးသူများထံ ပိုမိုကျယ်ပြန့်စွာဖြန့်ဖြူးရောင်းချနိုင်ရန် လုပ်ငန်းစုမိတ်ဖက်များနှင့် နီးကပ်စွာလက်တွဲလုပ်ဆောင်သွားမည်ဟု Bjørgo က ပြောကြားခဲ့ကြောင်း သိရသည်။

Source: https://www.globaltimes.cn/page/202601/1352681.shtml

(ကေခိုင်ကျော်၊ စီးပွားရေးသံမှုး၊ နန်နင်းမြို့)

Category: International News