စင်ကာပူနိုင်ငံတွင် ကဏ္ဍအလိုက် စီးပွားရေးစတင်ဆောင်ရွက်သည့် လုပ်ငန်းများကို ပြည်ပကျွမ်းကျင်ပညာရှင်များက အထောက်အကူပြုစေနိုင်ရန်အတွက် အခွန် ကောက်မူဘောင်ကို သုံးသပ်ခြင်းနှင့် အလုပ်အကိုင်ရှာဖွေသည့်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်တို့အတွက် အဆိုပြုချက်အသစ်များထည့်သွင်းပြင်ဆင်ထားသော စီးပွားရေးမဟာဗျူဟာသုံးသပ်ချက်(Economic Strategy Review-ESR)အပြီးသတ်အစီရင်ခံစာကို ၂၄-၆-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း The Business Times သတင်းစာတွင် ဖော်ပြပါရှိပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာနက စင်ကာပူအစိုးရအနေဖြင့် သက်ဆိုင်ရာကဏ္ဍများမှ မိတ်ဖက်များ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အစီရင်ခံစာအပေါ် သုံးသပ်ချက်များကို လက်တွေ့အကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာတွင် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေပြောင်းလဲနေသည့်ကာလအတွင်း စင်ကာပူနိုင်ငံသားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်ရရှိရန် နိုင်ငံ၏မဟာဗျူဟာကျသည့်အစီအမံများကို ထည့်သွင်းထားကြောင်း၊ ၆ လတာကာလအတွင်း ESR အပေါ် ပြန်လည်သုံးသပ်ချက် ၇ ခုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့ပြီး စင်ကာပူစီးပွားရေးအဖွဲ့ချုပ်(Singapore Business Federation)က ၂၀၂၆ ခုနှစ်၊ မေလတွင် ကျင်းပပြုလုပ်ခဲ့သော Future Economy Conference တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
စီးပွားရေးမဟာဗျူဟာသုံးသပ်ချက်(ESR)အပြီးသတ်အစီရင်ခံစာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် နယ်ပယ် ၈ ခု အပေါ် သုံးသပ်ချက်များအားအခြေခံ၍ စင်ကာပူနိုင်ငံ၏ သီးခြားတန်ဖိုးတစ်ခုတည်ရှိသည့် ရပ်တည်ချက်ကို ပိုမိုခိုင်မာလာစေရန်၊ ဖျက်လက်တက်ကြွ၍ နေရာဒေသနှင့် လိုက်လျောညီထွေဖြစ်စွာရပ်တည်နိုင်သည့် အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့် လုပ်သားအင်အားများဖြစ်ပေါ်လာစေရန်နှင့် ကြံ့ကြံ့ခံနိုင်ပြီး ကဏ္ဍပေါင်းစုံတွင် အကျိုုးဖြစ်ထွန်းစွာလုပ်ဆောင်နိုင်သော နိုင်ငံဖြစ်လာစေရန် အဓိကမဟာဗျူဟာ ၃ ချက်ဖြင့် ထည့်သွင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
အပြီးသတ်အစီရင်ခံစာပါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် နယ်ပယ် ၈ ခု အနက် စင်ကာပူနိုင်ငံတွင် ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများအားလုံးအောင်မြင်လာစေရန် မျှော်မှန်းခြင်းထက် ကမ္ဘာပေါ်ရှိ အဓိကစီးပွားရေးဆိုင်ရာကဏ္ဍများထဲမှ အသစ်ပေါ်ထွန်းနေသည့် ကဏ္ဍများတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်လာစေရန်လည်းကောင်း၊ ဉာဏ်ရည်တု(AI)နှင့်ဆက်စပ်သော လုပ်ငန်းများတွင် အဓိကကျသောနေရာဒေတစ်ခုဖြစ်လာစေရန်လည်းကောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများပြုလုပ်နိုင်သည့် ယုံကြည်စိတ်ချရသော ဒေသတစ်ခုဖြစ်လာစေရန်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
ထို့ပြင် Liquefied Natural Gas(LNG)အပါအဝင် စွမ်းအင်ဆိုင်ရာထုတ်ကုန်များကို ကုန်သွယ်မှုအများဆုံးပြုလုပ်သည့် နိုင်ငံဖြစ်သည့်အတွက် စွမ်းအင်ဈေးကွက်ကိုပိုမိုချဲ့ထွင်ရန်အလားအလာရှိပြီး ESR အစီရင်ခံစာသည် စင်ကာပူနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လာမည့်ဆယ်စုနှစ်တစ်ခုအတွင်း ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိတိုးတက်လာစေရန်မျှော်မှန်းထားကြောင်း ဖော်ပြပါရှိပါသည်။
စင်ကာပူနိုင်ငံ၏စီးပွားရေးမဟာဗျူဟာသုံးသပ်ချက်(Economic Strategy Review -ESR)ပါအချက်များကို ကဏ္ဍအလိုက်စိစစ်သုံးသပ်ပြီး သက်ဆိုင်ရာကဏ္ဍ/နယ်ပယ်အလိုက် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်ပါက စင်ကာပူနိုင်ငံကဲ့သို့ဖွံ့ဖြိုးပြီးနိုင်ငံထံမှ အလေ့အကျင့်များ၊ အစီအမံများနှင့် အကျိုးအမြတ်များကို သိရှိခံစားနိုင်မည်ဖြစ်ပါသည်။
ရင်းမြစ်။ The Business Times သတင်းစာ
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)