International News

ရုရှားနှင့်တရုတ်ကြား ကုန်သွယ်မှုပမာဏသည် ၂၉.၅ ရာခိုင်နှုန်းတိုးတက်ခဲ့

Last Updated:

ရုရှားနှင့် တရုတ်ကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၂၉.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၆.၄ ဘီလီယံနီးပါးရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်စီမံခန့်ခွဲရေးဌာန၏အချက်အလက်များအရ သိရှိရပါသည်။

စက်တင်ဘာလတွင် ရုရှားနှင့်တရုတ်ကြားကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၁.၁ ဘီလီယံရှိသည်။ ရုရှားမှ တရုတ်သို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံရှိပြီး တရုတ်မှ ရုရှားသို့ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၉.၆ ဘီလီယံရှိသည်။

၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၉.၃ ရာခိုင်နှုန်းအထိ စံချိန်တင်တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၀.၂၇၁ ဘီလီယံရှိခဲ့သည်။

ရုရှားသည် တရုတ်နိုင်ငံသို့ စွမ်းအင်အရင်းအမြစ်များကို အဓိကတင်ပို့ပြီး တင်ပို့မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ LNG၊ ကျောက်မီးသွေးနှင့် သတ္တုများဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေးထုတ်ကုန်များ၊ ရေထွက်ကုန်များနှင့် သစ်များလည်းတင်ပို့လျက်ရှိပါသည်။ ရုရှားသည် တရုတ်နိုင်ငံမှ အိမ်သုံးအီလက်ထရွန်းနစ်ပစ္စည်းများ၊ တူးဖော်ရေးစက်များ၊ မော်တော်ယာဉ်များ၊ မိုက်ခရိုပရိုဆက်ဆာယူနစ်များ၊ အဝတ်အထည်များ၊ ဖိနပ်များနှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းလျက်ရှိပါသည်။

ရုရှားနှင့် တရုတ်ခေါင်းဆောင်များသည် ၂၀၁၈ ခုနှစ်တွင် ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်မတိုင်မီတွင် ၂၀၀ ဘီလီယံထိ ကုန်သွယ်မှုနှစ်ဆတိုးမြှင့်ရန် ရည်မှန်းချက်ချမှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် ဘေဂျင်းတွင်ကျင်းပခဲ့သော နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲအပြီး၌ တရုတ်သမ္မတ Xi Jinping သည် ရုရှားနှင့်တရုတ်အကြား ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံထိတိုးမြှင့်ရန် ရည်မှန်းချက်သစ်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

Source :  https://ria.ru/20231013/tovarooborot-1902419193.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News