International News

ရုရှားနိုင်ငံ၌ ဗီယက်နမ်နေ့ကျင်းပခြင်းသည် ကုန်သွယ်ရေးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်

Last Updated:

ရုရှားနိုင်ငံတွင် ဗီယက်နမ်နေ့များကျင်းပခြင်းသည် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး တိုးတက်စေရန်၊ ရုရှားစားသုံးသူများထံ ဗီယက်နမ်ကုန် ပစ္စည်းများ ပိုမိုကျယ်ပြန့်စွာဝင်ရောက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မော်စကိုမြို့၌ကျင်းပခဲ့သည့် ဗီယက်နမ်နေ့ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Mr. Nguyen Hong Zien က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ခေတ်မီအခြေအနေများတွင် နှစ်နိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရန် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့်ထောက်ပံ့ရေးကွင်းဆက်များချဲ့ထွင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံ၏ကုမ္ပဏီပေါင်း ၁၅၀ ကျော်၏ပူးပေါင်းပါဝင်မှုဖြင့် ကုန်သွယ်မှုတိုးမြှင့်ရေး လှုပ်ရှားမှုများပါဝင်သော ဗီယက်နမ်နေ့ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ရုရှားစားသုံးသူများအနေဖြင့် အရည်အသွေးပြည့်မီသော ဗီယက်နမ်ကုန်ပစ္စည်းများကို သင့်လျော်သောစျေးနှုန်းဖြင့် ပိုမိုရရှိနိုင်စေရန် ရည်ရွယ်ကြောင်း Mr. Nguyen Hong Zien က ပြောကြားခဲ့သည်။

ဆက်လက်၍ ရုရှားနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်များနှင့်စားသောက်ကုန်များ၊ တစ်ပိုင်းကုန်ချောထုတ်ကုန်များ၊ လတ်ဆတ်သောသစ်သီးဝလံနှင့်လူသုံးကုန်ပစ္စည်းများသည် ဝယ်လိုအားများပြားသောကုန်စည်များဖြစ်ကြောင်း၊ဗီယက်နမ်နိုင်ငံသည် ရုရှားဈေးကွက်သို့ တည်ငြိမ်ပြီးရေရှည် တည်တံ့သော တင်သွင်းသူများထဲမှ အကြီးဆုံးဖြစ်လာရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံရှိ ဗီယက်နမ်နေ့အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပလျက်ရှိပြီး စီးပွားရေးဖိုရမ်၊ ဗီယက်နမ်အစားအစာမိတ်ဆက်ပွဲ၊ ဗီယက်နမ်ထုတ်ကုန်ပစ္စည်းများပြပွဲနှင့် ယဉ်ကျေးမှုပြပွဲအစီအစဉ်တို့ပါဝင်ကြောင်း သိရှိရသည်။ အဆိုပါပြပွဲတွင် ဗီယက်နမ်ကုမ္ပဏီပေါင်း ၅၀ ခန့်က ရုရှားဈေးကွက်တွင် ဝယ်လိုအားရှိသည့်အရည်အသွေးမြင့်ထုတ်ကုန်များဖြစ်သော အဝတ်အထည်၊ ရေမွှေး၊ စားသောက်ကုန်၊ အချိုရည်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ပါဝင်ပြသလျက်ရှိကြောင်း သိရှိရပါသည်။

မော်စကိုမြို့၌ ဟနွိုင်း-မော်စကိုကုန်သွယ်ရေးစင်တာတစ်ခုရှိပြီး အဆိုပါအဆောက်အဦ၌ ဗီယက်နမ်ထုတ်ကုန်များဖြစ်သည့် လတ်ဆတ်သစ်သီးဝလံများ၊ တန်ဖိုးမြင့်စားသောက်ကုန်များ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် အဝတ်အထည်များ ရောင်းချလျက်ရှိပါသည်။ ရုရှားနိုင်ငံသားများသည် လတ်ဆတ်သစ်သီးဝလံများကို ပိုမိုစားသုံးခြင်းကြောင့် ရုရှားတွင် သစ်သီးစားသုံးမှုမြင့်တက်လျက်ရှိပြီး ထောပတ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီ စသည့်သစ်သီးများကို နှစ်သက်စွာစားသုံးကြကြောင်း တွေ့ရှိရသဖြင့် မြန်မာ နိုင်ငံ၏ထုတ်ကုန်များဖြစ်သော လတ်ဆတ်သစ်သီးဝလံများနှင့် တန်ဖိုးမြင့်စားသောက်ကုန်များသည် ရုရှားနိုင်ငံအတွက် ဈေးကွက်အလား အလာရှိသော ကုန်စည်များဖြစ်လာနိုင်ကြောင်း သုံးသပ်ရပါသည်။

Source :  https://tass.ru/ekonomika/19000683

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News