International News

အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့မှုပိတ်ပင်လိုက်သည့်အတွက် နိုင်ငံအတွက် ထိခိုက်မှုရှိဟု စင်ကာပူအစိုးရ တာဝန်ရှိသူ ပြောကြား

Last Updated:

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြည်ပကို ဆန်တင်ပို့မှုအပေါ် ပိတ်ပင်မှုတွေပြုလုပ်ခဲ့သလို အရေးယူဆောင်ရွက်ချက်တွေကြောင့် စင်ကာပူနိုင်ငံအပေါ် ထိခိုက်မှုများရှိခဲ့ကြောင်း စင်ကာပူအစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ဆန်ကို အဓိကတင်သွင်းသည့် နိုင်ငံတစ်ခုဖြစ်သောကြောင့် ယခုကဲ့သို့ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အတွက် စားနပ်ရိက္ခာတင်သွင်းနိုင်စွမ်းက အရေးကြီးပါတယ်။ အိန္ဒိယနိုင်ငံမှ ယခုလိုဆန်တင်ပို့မှုပိတ်ပင်လိုက်သည့်အတွက် ဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။” ဟု စင်ကာပူနိုင်ငံ ရေရှည်တည်တံ့နိုင်စွမ်းနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန(Ministry of Sustainability and the Environment) ၏ ဒုတိယအတွင်းဝန် Tze Ch’in Ong က Mint သတင်းဌာနကို ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံသည် ၂၀၂၂ ခုနှစ်က အိန္ဒိယနိုင်ငံမှ ဆန် ၄၀ ရာခိုင်နှုန်းခန့်ကို ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရသည်။ ၎င်းတို့နိုင်ငံအနေဖြင့် နောင်အခါတွင် အိန္ဒိယနိုင်ငံမှ ယခုကဲ့သို့ပြုမူဆောင်ရွက်လာခဲ့လျှင် ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံကဲ့သို့နိုင်ငံများအပေါ် အမှီပြုသွားမည့် စုံလင်ကွဲပြားစွာလုပ်ကိုင်ရေးမဟာဗျူဟာကို ကိုင်စွဲသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် ဩဇာအာဏာကြီးမားသော အများပြည်သူ့ဝန်ဆောင်မှုများဆိုင်ရာဘုတ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်သွားမည့် Mr.Ong က ပြောကြားခဲ့သည်။

“စင်ကာပူနိုင်ငံသည် သွင်းကုန်စုံလင်ကွဲပြားစွာ တင်သွင်းရေးမဟာဗျူဟာကို ချမှတ်ထားပြီး ဆန်တင်သွင်းမှုနှင့်ပတ်သက်၍ ရောင်းလိုအားကွင်းဆက်ပြတ်တောက်မှုများ မဖြစ်ပေါ်စေရန် အရန်သိုလှောင်မှုများပြုလုပ်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ စုံလင်ကွဲပြားစွာလုပ်ကိုင် ပြီး၊ နိုင်ငံပေါင်း (၃၀)ကျော်ကနေ ဆန်ကို ဝယ်ယူတင်သွင်းသွားမှာဖြစ်ပါတယ်။”ဟု စင်ကာပူနိုင်ငံစားနပ်ရိက္ခာအေဂျင်စီ (Singapore Food Agency) က ယခုနှစ် ဇူလိုင်လက ပြောကြားခဲ့သည်။

သို့သော် ပြီးခဲ့သည့်ဩဂုတ်လထဲတွင် အိန္ဒိယနိုင်ငံက စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့ရန် ခွင့်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်း Mr.Ong က ဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံသည် စင်ကာပူနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်ဖြူ(၅၀၀၀၀တန် ကိုတာ(ခွဲတမ်း)အား တင်ပို့ရန် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။ “ပြီးခဲ့သည့်လအနည်းအတွင်းကပဲ အိန္ဒိယအစိုးရက စင်ကာပူနိုင်ငံနှင့် ကာလရှည်ကြာမိတ်ဆွေများဖြစ်သည့်အတွက် သတ်မှတ်ထားသော ဆန်ပမာဏကို တင်ပို့ခွင့်ပြုသွားမည့် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ယင်းကဲ့သို့ကူညီထောက်ပံ့ပေးသည့်အတွက် အိန္ဒိယအစိုးရကို အလွန်ပဲကျေးဇူးတင်ရှိပါတယ်။” ဟု Mr.Ong က ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံနည်းတူ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကလည်း ခြွင်းချက်ဖြင့် ဆန်တင်ပို့ ခွင့်ပြုရန် အိန္ဒိယအစိုးရထံ အလားတူပန်ကြားခဲ့ကြကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ယခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်စေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီပေါနိုင်ငံတို့ကဲ့သို့ အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် အိန္ဒိယမှ ဆန်တင်ပို့မှုအပေါ် များစွာမှီခိုလျက်ရှိကြပြီး၊ အာဖရိက နိုင်ငံတစ်ချို့က အိန္ဒိယနိုင်ငံမှ ဆန်ကွဲဝယ်ယူသော ဖေါက်သည်များ ဖြစ်ကြကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ဆန်လုံလောက်မှုရှိရန်နှင့် ဆန်ဈေးနှုန်းများတည်ငြိမ်မှုရှိစေရန်ရည်ရွယ်၍ ဘာစမာတီမဟုတ်သောဆန်ဖြူများတင်ပို့မှုကို မူလက ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းကင်းလွတ်ခွင့်နှင့် တင်ပို့ခွင့်ပြုခဲ့ရာမှ တားမြစ်ကုန်အဖြစ်သတ်မှတ်ကြောင်း ယခုလနှစ် ဇူလိုင်လက ထုတ်ပြန်ကြေညာခဲ့ပါသည်။အဆိုပါဆောင်ရွက်ချက်သည့် စားသောက်ကုန်ဈေးနှုန်းများဖောင်းပွလာမှုကိုထိန်းချုပ်ရန်နှင့် အထူးသဖြင့်လာမည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ အရေးကြီးသောပြင်ဆင်မှုတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ကြပါသည်။

စင်ကာပူနိုင်ငံသည် ၎င်း၏စားနပ်ရိက္ခာဖူလုံမှုအတွက် အိန္ဒိယကဲ့သို့တစ်နိုင်ငံတည်းအပေါ် မှီခိုမှုပြုသည်ထက် နိုင်ငံအများအပြားမှ ဝယ်ယူတင်သွင်းနိုင်ရန် စုံလင်ကွဲပြားစွာကုန်သွယ်ခြင်းမူဝါဒ(Trade diversification)သို့ ပြောင်းလဲလုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါအခွင့်အလမ်းကို ဆုပ်ကိုင်၍ စင်ကာပူနိုင်ငံသို့ ဆန်တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။   Mint သတင်းဌာန၊ “India’s rice export ban had an impact: Singapore official”

(ကောင်းထွဋ်‌အောင်၊  စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

 

Category: International News