International News

အီဂျစ်တွင် အိန္ဒိယ၏ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံသို့ ရောက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံသည် အီဂျစ်နိုင်ငံတွင် စားနပ်ရိက္ခာ၊ စက်မှုလုပ်ငန်းများ၊ ဓာတုပစ္စည်းများနှင့် ခရီးသွားလုပ်ငန်းအပါအဝင် နယ်ပယ်အများအပြားရှိ စီမံကိန်း(၅၂)ခုတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံဖိုးရင်းနှီးမြှုပ်နှံထားသည်ဟု အီဂျစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးအာမက်ဆမ်မာက ယခုလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ၊ ရှမ်အယ်-ရှီခ်(Sharm El-Sheikh)တွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၁)ကြိမ်မြောက် အိမ်ခြံမြေဖွံ့ဖြိုးရေးအသင်းများအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးပွဲသို့တက်ရောက်စဉ် ဝန်ကြီးက ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံစလုံးသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန်၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်စသည့် နှစ်နိုင်ငံရည်မှန်းချက်များအပေါ် အခြေခံသော ရှည်လျားသည့်သမိုင်းကြောင်းများဖြင့် ဆက်စပ်လျက်ရှိသည်ဟု ၎င်းက အတည်ပြုခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုဇုန်များတည်ထောင်ခြင်း၊ အမိန့်နှင့်စည်းမျဉ်းဥပဒများထုတ်ပြန်ခြင်း၊ အငြင်းပွားမှုဖြေရှင်းခြင်းအား အရှိန်အဟုန်မြှင့်တင်ခြင်းတို့အပါအဝင် အိမ်ခြမြေဖွံ့ဖြိုးရေးကဏ္ဍသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပိုမိုဆွဲဆောင်နိုင်ရန် အဆင့်ဆင့်အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းက အီဂျစ်နိုင်ငံသည် စီးပွားရေးဝန်းကျင်ပိုမိုကောင်းမွန်ရေးအတွက် အဓိကအရေးကြီးသော ကဏ္ဍများ၌ ပွင့်လင်းမြင်သာမှုရှိရန်၊ လုပ်ထုံး လုပ်နည်းများ ရိုးရှင်းလွယ်ကူစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများမြှင့်တင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် အီဂျစ်နိုင်ငံ၏မြေယာဖွံ့ဖြိုးရေးကဏ္ဍသည် တိုင်းပြည်ဝင်ငွေ၏ (၂၀)ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံသို့ တိုးတက်လာသဖြင့် တိုးတက်မှုနှုန်း ၁၃ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း အီဂျစ်နိုင်ငံအများပြည်သူရွှေ့ပြောင်းရေးနှင့် စာရင်းအင်းဆိုင်ရာဗဟိုဌာန(Central Agency for Public Mobilization and Statistics-CAPMAS) မှ ယခုနှစ် ဇွန်လတွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

အီဂျစ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၂၀၂၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၂ ဘီလီယံရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ(၆ ဒသမ ၅ ရာခိုင်နှုန်း)သို့ကျဆင်းသွားကြောင်းနှင့်သွင်းကုန်တန်ဖိုးမှာ ၂၀၂၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံသို့ တိုးတက်လာခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် အီဂျစ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ရောင်းချခဲ့သော ကုန်ပစ္စည်းများမှာ တွင်းထွက်လောင်စာ၊ ဓါတ်ဆီ၊ ရေနံသန့်စင်ထုတ်ကုန်များ၊ ဓါတ်မြေဩဇာ၊ ဩဂဲနစ်မဟုတ်သော ဓါတုထုတ်ကုန်များ၊ ဆား၊ ဆာလဖာနှင့် ဝါဂွမ်းတို့ဖြစ်ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

ယခုနှစ် ဇွန်လ ၂၄ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ ၂ ရက်တာ အီဂျစ်နိုင်ငံခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ(၃)ခုတို့ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ၎င်းတို့မှာ စိုက်ပျိုးရေး၊ ရှေးဟောင်းသုတေသနနှင့် ရှေးဟောင်းပစ္စည်းများကာကွယ်ထိန်သိမ်းရေးနှင့် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ စာချွန်လွှာများဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သတင်းအချက်အလက်နည်းပညာ၊ ကျန်းမာ ရေး၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြပါသည်။နောက်ဆုံးရရှိသော ကိန်းဂဏန်များအရ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့သော် အီဂျစ်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်ရှိကြောင်း ပြသလျက်ရှိပါသည်။

သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းနှင့် နိုင်ငံစုံကုန်သွယ်ရေးသဘောတူညီချက်များအပြင် အလားအလာရှိသောကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုများရရှိအောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။         Ahram Online သတင်းဌာန၊ “Indian investments in Egypt reach $3.2 bln: Trade minister” ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News