International News

အိန္ဒိယနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့ ဒေါ်လာ (၁၀) ဘီလီယံတန် ကုန်သွယ်ရေးသဘောတူညီချက် (၁၅)ခုအား လက်မှတ်ရေးထိုးမည်

Last Updated:

အိန္ဒိယနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့သည် မတူညီသည့်ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို လွှမ်းခြုံသော သဘောတူညီချက်(၁၅)ခုကို လက်မှတ်ရေးထိုးသွားမည်ဟု တန်ဇန်းနီးယားနိုင်ငံခြားရေးဝန်ကြီး ဇန်နဝါရီယူဆူဖ်မာကမ်ဘာက သမ္မတဆာမီယာဆူလူဟာဆန်နှင့် ဝန်ကြီး ချုပ် နာရန်ဒရာမိုဒီတို့ နှစ်နိုင်ငံဆွေးနွေးပွဲမတိုင်ခင် ယခုလ  ၂ ရက်နေ့က ပြောကြားခဲ့သည်။

တန်ဇန်းနီးယားသမ္မတ၏အိန္ဒိယနိုင်ငံခရီးစဉ်သည် လွန်ခဲ့သောရှစ်နှစ်ကျော်ကြာကာလအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် တန်ဇန်းနီးယားနိုင်ငံအတွက် အလွန်အရေးကြီးသော ခရီးစဉ်တစ်ခုဖြစ်ပါတယ်ဟု ၎င်းက ပြောကြားခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြှင့်တင်သွားရန် ယခုကဲ့သို့ကြောညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကတိကဝတ်များကို ထုတ်ပြန်ကြေညာသွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့် အစိုးရနှင့် အစိုးရချင်းသာမက ပုဂ္ဂလိကအဖွဲ့အစည်းများအချင်းချင်းအကြား မတူညီသော ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များပါဝင်သော သဘောတူညီချက်(၁၅)ခုကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မကမ်ဘာက PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။

တန်ဇန်းနီးယား နိုင်ငံခြားရေးဝန်ကြီးသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar နှင့်ပြုလုပ်သော နှစ်နိုင်ငံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့ပြီးဖြစ်ကာ တရားဝင်ဖွံ့ဖြိုးတိုးတက်မှုအကူအညီ(ODA)နှင့်စပ်လျဉ်း၍ အိန္ဒိယသည် သိသာထင်ရှားသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့နိုင်ငံ၌ အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသော ရေရရှိရေးစီမံကိန်းအား တိုးချဲ့ရန်ကိစ္စကိုလည်း သမ္မတခရီးစဉ်အတွင်း ထုတ်ပြန် ကြေညာသွားဖွယ်ရှိသည်ဟု ၎င်းက ထင်မြင်ယူဆထားသည်။

အိန္ဒိယနိုင်ငံသည် လက်ရှိအချိန်အထိ တန်ဇန်းနီးယားနိုင်ငံရှိ ဆည်မြောင်း၊ တာတမံများတည်ဆောက်ခြင်းနှင့် ရေရရှိရေးစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ(၁)ဘီလီယံ ထောက်ပံ့ကူညီထားကြောင်း သိရသည်။

တန်ဇန်းနီးယားသမ္မတသည် အောက်တိုဘာလ(၁၀)ရက်နေ့တွင် နယူးဒေလီမြို့တော်၌ ကျင်းပမည့်စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား သဘောတူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်များကို လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်း သိရသည်။

အဆိုပါသမ္မတခရီးစဉ်၏ရည်ရွယ်ချက်တစ်ခုမှာ ကုန်သွယ်မှုတိုးမြှင့်ရန်၊ အိန္ဒိယစီးပွားရေးအသိုက်အဝန်းနှင့် ဆွေးနွေးရန်၊ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးနှင့် စိန်ခေါ်မှုများရှိပါက အိန္ဒိယအစိုးရနှင့် ဆွေးနွေးညှိနှိုင်းသွားရန်ဖြစ်ကြောင်း သိရသည်။ လာမည့်သုံးနှစ်တာကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ(၁၀)ဘီလီယံအထိရရှိလာမည်ဟု ယုံကြည်ကြောင်း ၎င်းက ‌ပြောကြားခဲ့သည်။

ကုန်သွယ်မှုဆိုင်ရာ ပေးချေမှုများကို ပြည်တွင်းသုံးငွေကြေးများအသုံးပြုပေးချေရန် အိန္ဒိယနိုင်ငံမှ စတင်ဆောင်ရွက်လျက်ရှိသည့်အပေါ် ကြိုဆိုကြောင်းနှင့် ယင်းသို့ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။သို့သော် အဆိုပါကိစ္စနှင့်ပတ်သက် ၍ နည်းပညာဆိုင်ရာ အသေးစိတ်ဆောင်ရွက်ဖွယ်ရာကိစ္စရပ်များ ကျန်ရှိသေးကြောင်း သိရသည်။

ထို့အပြင် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စများကိုလည်း ဆွေးနွေးရန်ရှိကြောင်း သိရှိရပါသည်။ “ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် ကျွန်ုပ်တို့၏မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု၏ မဏ္ဍိုင်တစ်ခုဖြစ်ပါတယ်”ဟုတန်ဇန်းနီးယားနိုင်ငံခြားရေး ဝန်ကြီး ယူဆပ်မာကမ်ဘာက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ယခုတန်ဇန်းနီးယားနိုင်ငံအပါအဝင် နိုင်ငံများစွာနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိစ္စရပ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ကုန်သွယ်မှုဆိုင်ရာ ပေးချေမှုကိစ္စရပ်များတွင် ရူပီးငွေနှင့် ချိတ်ဆက်ပေးချေနိုင်ရန်ကိစ္စကိုလည်း ကုန်သွယ်ဖက်နိုင်ငံများစွာနှင့်ညှိနှိုင်း၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

Business Standard သတင်းဌာန၊ “India, Tanzania to sign 15 agreements with eye on $10 bn trade: Makamba”၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

 

Category: International News