ဗီယက်နမ်နိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သည့် ဗီယက်နမ်လေကြောင်းလိုင်းသည် သုံးနှစ်ကြာရပ်နားပြီးနောက် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်မှစတင်၍ ဟနွိုင်းနှင့် ရုရှားနိုင်ငံမြို့တော် မော်စကိုကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုခရီးစဉ်များကို တရားဝင်ပြန်လည်စတင်ခဲ့ကြောင်း သိရ သည်။
အဆိုပါလေကြောင်းလိုင်းသည် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ဇူလိုင်လမှစ၍ တစ်ပတ်လျှင် သုံးကြိမ်အထိ တိုးမြင့်ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက ပြောကြားသည်။
ဟနွိုင်းနှင့် မော်စကိုကြား တိုက်ရိုက်ပျံသန်းမှုပြန်လည်ပြုလုပ်ခြင်းသည် ခရီးသွားလာချိန်ကို လျှော့ချပေးရုံသာမက နှစ်နိုင်ငံအကြားခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့အတွက်လည်း အခွင့်အလမ်းများပိုမိုရရှိစေကြောင်းယင်းလေကြောင်း လိုင်းက အလေးပေးပြောကြားခဲ့သည်။
ဗီယက်နမ်မီဒီယာများ၏ အဆိုအရ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ရုရှားနိုင်ငံမှ ဗီယက်နမ်သို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၁၀ ရာခိုင်နှုန်းတိုးမြင့်လာသည်။ ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံသား ၂၈၀,၀၀၀ ကျော်သည် ဗီယက်နမ်သို့ လာရောက်လည်ပတ်ခဲ့ပြီး ယခုနှစ်ကုန်တွင် ရုရှားခရီးသွားအရေအတွက်သည် ၅ သိန်းမှ ၆ သိန်းသို့ ရောက်ရှိနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
ရုရှားနိုင်ငံ၏မြို့တော် မော်စကိုသည် ဗီယက်နမ်ခရီးသွားများအတွက် လူကြိုက်များသော နေရာများထဲမှ တစ်ခုဖြစ်ပြီး ရုရှားသည် ဗီယက်နမ်အတွက် ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုအရ အဓိကစျေးကွက်များထဲမှ တစ်ခုဖြစ်သည်။
ရုရှားနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၅၉ ဘီလီယံအထိရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။
Source : https://tass.ru/ekonomika/23892213
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)