ရုရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာ့ဓာတ်မြေဩဇာဈေးကွက်တွင် အရေးပါသည့် တင်ပို့ရောင်းချသူအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ နိုက်ထရိုဂျင် (Nitrogen)၊ ဖော့စဖိတ်(Phosphate)နှင့်ပိုတက်ရှ်(Potash)အခြေခံဓာတ်မြေဩဇာ များကို အမြောက်အမြားထုတ်လုပ်တင်ပို့လျက်ရှိပြီး၊ အထူးသဖြင့် စိုက်ပျိုးရေးထုတ်လုပ်မှုမြင့်မားသည့်နိုင်ငံများထံမှ ဝယ်လိုအားကောင်းမွန်နေသဖြင့် တင်ပို့မှု ဆက်လက်တိုးတက်လျက်ရှိသည်။
လက်ရှိတွင် ရုရှားဓာတ်မြေဩဇာ၏ အဓိကတင်ပို့ဈေးကွက်များမှာ ဘရာဇီး၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် တူရကီတို့ဖြစ်သည်။ အထူးသဖြင့် ဘရာဇီးနိုင်ငံသည် ရုရှားမှ Potash နှင့် NPK ဓာတ်မြေ ဩဇာများကို အများဆုံးဝယ်ယူနေသည့်နိုင်ငံဖြစ်ပြီး၊ အိန္ဒိယနှင့် တရုတ်တို့ကလည်း ယူရီးယား(Urea)နှင့် အခြားစိုက်ပျိုး ရေးသုံးဓာတ်မြေဩဇာများကို ဆက်လက်တင်သွင်းလျက်ရှိသည်။ အာရှ၊ အာဖရိက နှင့် လက်တင်အမေရိကဒေသများတွင် ရုရှားဓာတ်မြေဩဇာအပေါ် ဝယ်လိုအားမြင့်တက်လာခြင်းသည် ရုရှား၏တင်ပို့မှုကို အားကောင်းစေသည့်အဓိကအချက်တစ်ရပ်ဖြစ်သည်။
အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများဆက်လက်ရှိနေသော်လည်း ဓာတ်မြေ ဩဇာသည် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းဖြစ်သောကြောင့် ရုရှား၏ ဓာတ်မြေဩဇာတင်ပို့မှုအပေါ် တိုက်ရိုက်ကန့်သတ်မှုများ များစွာမရှိခဲ့ပေ။ သို့သော် ငွေပေးချေမှု၊ သင်္ဘောတင်ပို့မှုနှင့် အာမခံဆိုင်ရာ အခက် အခဲများကြောင့်ကုန်သွယ်ရေးလုပ်ငန်းစဉ်များမှာ ပိုမိုရှုပ်ထွေးလာခဲ့ပြီး၊ရုရှားကုမ္ပဏီ များသည် ရူဘယ်၊ ယွမ်နှင့် အခြားနိုင်ငံသုံးငွေကြေးများဖြင့် ငွေပေးချေမှုများကို ပိုမိုအသုံးပြုလာကြသည်။
ရုရှားအစိုးရနှင့် ဓာတ်မြေဩဇာထုတ်လုပ်ရေးကုမ္ပဏီများသည် ဥရောပဈေးကွက်အစား အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဈေးကွက်များကို ပိုမိုအာရုံစိုက်လျက်ရှိသည်။ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် အရှေ့ တောင်အာရှနိုင်ငံများနှင့် ရေရှည်ဝယ်ယူရေးစာချုပ်များချုပ်ဆိုရန် ကြိုးပမ်းနေပြီး၊ ဈေးကွက်သစ်များဖွင့်လှစ်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် ရုရှား၏ အဓိကဓာတ်မြေဩဇာထုတ်လုပ်တင်ပို့သည့် ကုမ္ပဏီများတွင် PhosAgro, EuroChem, Uralchem, Uralkali နှင့် Acron Group တို့ပါဝင်ပြီး၊ ယင်းကုမ္ပဏီများသည် ကမ္ဘာ့ဓာတ်မြေဩဇာဈေးကွက်တွင် အရေးပါသည့်ပံ့ပိုးသူ များအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ ကမ္ဘာ့စိုက်ပျိုးရေးထုတ်လုပ်မှုမြင့်တက်လာခြင်းနှင့်အတူ ဓာတ်မြေဩဇာလိုအပ်ချက်ဆက်လက်တိုးပွားနေသဖြင့် ရုရှား၏ဓာတ်မြေဩဇာတင်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်အားကောင်းနေမည်ဟု ခန့်မှန်းထားကြသည်။
Source : https://rfpa.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)