International News

၂၀၂၆ စက်တင်ဘာနောက်ပိုင်းအထိ အိန္ဒိယ၏ ရေထွက်ကုန်၊ ကြက်ဥနှင့် ပျားရည်များကို ဆက်လက်တင်ပို့ခွင့်ပြုရန် အီးယူဆုံးဖြတ်

Last Updated:

အိန္ဒိယနိုင်ငံသည် အရည်အသွေးမြင့်မားလှသည့် ၎င်း၏ ရေထွက်ကုန်များ၊ ကြက်ဥ၊ ပျားရည်နှင့် တိရစ္ဆာန်အူချောင်း(animal casings)များကို ဥရောပသမဂ္ဂ(EU)ဈေးကွက်သို့ လာမည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်းအထိ ဆက်လက်တင်ပို့ခွင့်ရရှိရန်အတွက် အီးယူအာဏာပိုင်များထံမှ တရားဝင်သဘောတူညီချက်ကို ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဤဆုံးဖြတ်ချက်သည် အိန္ဒိယနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးနှင့်ရေထွက်ကုန်ကဏ္ဍ၊ အထူးသဖြင့် ကမ္ဘာ့ဈေးကွက်တွင် အဓိကနေရာမှ ပါဝင်နေသည့် ငါးလုပ်ငန်းတင်ပို့မှုကဏ္ဍအတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်းသိရသည်။ထို့အပြင် ၎င်းသည် ပိုးသတ်ဆေးယဉ်ပါးမှုတိုက်ဖျက် ရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ အီးယူ၏တင်းကျပ်လွန်းသော စည်းမျဉ်းအသစ်များကို အိန္ဒိယဘက်က စံချိန်စံညွှန်းပြည့်မီစွာအောင်မြင်စွာလိုက်နာဆောင်ရွက်နိုင်ခဲ့ခြင်းကို ပြသရာလည်း ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ပူပန်မှုမြင့်တက်နေသည့် ပိုးသတ်ဆေးယဉ်ပါးမှုဟူသော ပြည်သူ့ကျန်းမာရေးစိန်ခေါ်မှုကို တုံ့ပြန်ရန်အတွက် ဥရောပသမဂ္ဂ(EU)က ၎င်းတို့၏ လုပ်ထုံးလုပ်နည်းအသစ်ဖြစ်သည့် Regulation (EU) 2021/405 ကိုထုတ်ပြန်ခဲ့သည်။လာမည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်အာဏာတည်မည့် ဤစည်းမျဉ်းသစ်သည် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံသို့ တိရစ္ဆာန်အခြေခံထွက်ကုန်များတင်ပို့လိုသည့် နိုင်ငံအားလုံးနှင့် သက်ဆိုင်ခြင်းဖြစ်သည်။ အဆိုပါစည်းမျဉ်းသစ်ကြောင့် ပို့ကုန်လုပ်ငန်းရှင်များစိုးရိမ်နေကြသော်လည်း အီးယူ၏ နောက်ဆုံးထုတ်ပြန်လိုက်သော တရားဝင်တင်ပို့ခွင့်ရှိသည့် နိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံဆက်လက်ပါဝင်လာခဲ့ခြင်းကြောင့် ကုန်သွယ်မှုကွင်းဆက် ရုတ်တရက်ရပ်ဆိုင်းသွားမည့်အန္တရာယ်မှ ကင်းဝေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီးယူဈေးကွက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းသည် အိန္ဒိယငါးလုပ်ငန်းကဏ္ဍအတွက် အလွန်အရေးကြီးပြီး အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ အိန္ဒိယနိုင်ငံသည် အီးယူသို့ ငါးနှင့်ရေထွက်ကုန်တင်ပို့မှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၅၉ ဘီလီယံခန့်အထိ ဝင်ငွေရရှိနေခြင်းဖြစ် ကြောင်း သိရသည်။  

ငါးလုပ်ငန်းအပြင် ကြက်ဥ၊ ပျားရည်နှင့် တိရစ္ဆာန်အူချောင်းများသည်လည်း အိန္ဒိယ၏ အဓိကစိုက်ပျိုးရေးပို့ကုန်များအဖြစ် ရပ်တည်နေသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ယခုကဲ့သို့ ဆက်လက်တင်ပို့ခွင့်ရရှိရခြင်းမှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဥရောပကော်မရှင်နှင့် လအတော်ကြာ တက်ကြွစွာညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ထို့အပြင် ပို့ကုန်ဆိုင်ရာထိပ်သီးအဖွဲ့အစည်းဖြစ်သည့် အိန္ဒိယ ပို့ကုန်စစ်ဆေးရေးကောင်စီ(EIC)ကလည်း စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် ထောက်ခံချက်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းစနစ်များကို အီးယူစံနှုန်းများနှင့်အညီ အဆင့်မြှင့်တင်ခဲ့ကြောင်း သိရ သည်။

အီးယူသည် ကမ္ဘာ့အစားအသောက်ဘေးကင်းလုံခြုံရေးစံနှုန်းများကို ဦးဆောင်သတ်မှတ်လေ့ရှိသဖြင့် အီးယူစံနှုန်းကိုကျော်ဖြတ်နိုင်ခြင်းသည် အိန္ဒိယထုတ်ကုန်များအတွက် အခြားကမ္ဘာ့ဈေးကွက်ကြီးများကိုပါ တံခါးဖွင့်ပေးရာရောက်ပြီး ဂုဏ်သိက္ခာကို မြင့်တက်စေကြောင်း သိရသည်။ စဉ်ဆက်မပြတ် အီးယူဈေးကွက်သို့ တင်ပို့ခွင့်ရခြင်းကြောင့် အိန္ဒိယ၏ တိုးတက်နေသော ရေထွက်ကုန်ကဏ္ဍတွင် အအေးခန်းထောက်ပံ့ပို့ဆောင်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများနှင့် ရေရှည်တည်တံ့သော မွေးမြူရေးစနစ်များ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေနိုင်ကြောင်း သိရှိရသည်။

Source: The Economic Time: EU clears path for continued Indian exports of aquaculture, eggs, and honey beyond September 2026

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News