International News

အနောက်ဘင်္ဂလားပြည်နယ် ဒါဒန်ပတ်ထရာတွင် ရေနက်ဆိပ်ကမ်းသစ်တစ်ခုတည်ဆောက်ရန် မျှော်မှန်းနေ၊ ကော်လ်ကတ္တားမြို့သည်လည်း ရေကြောင်းမီထရိုကွန်ရက်ထဲသို့ ဝင်ရောက်တော့မည်"

Last Updated:

အိန္ဒိယနိုင်ငံ၊  အနောက်ဘင်္ဂလားပြည်နယ်၊ မီဒရီနာပူရ်အရှေ့ပိုင်းခရိုင် (East Midnapore)ရှိ ဒါဒန်ပတ်ထရာ(Dadanpatra)ဒေသတွင် ဗဟိုအစိုးရနှင့်ပူးပေါင်းကာ ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းအတွက် ပြည်နယ်အစိုးရက မြေနေရာဧက ၁,၇၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။  တစ်ချိန်တည်းမှာပင် အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ်က ကော်လ်ကတ္တားမြို့အား အိန္ဒိယနိုင်ငံ၏ ခေတ်မီမြို့ပြရေကြောင်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဖြစ်သည့် "ရေကြောင်းမီထရို(Water Metro)ကွန်ရက်"ထဲသို့ ထည့်သွင်းသွားမည်ဖြစ်ရာ၊ ၎င်းသည် အဆိုပါကွန်ရက်တွင် ပါဝင်လာသည့် ၁၈ ခုမြောက်မြို့ဖြစ်လာမည်ဟု ကြေညာခဲ့ကြောင်းသိရှိရသည်။

တာဝန်ရှိသူတစ်ဦးဖြစ်သူ အာဒီကာရီ(Adhikari)က အကယ်၍ အဆိုပါရေနက်ဆိပ်ကမ်းစီမံကိန်းအနေဖြင့် ဘင်္ဂလားပြည်နယ်တွင် အကောင် အထည်ပေါ်လာမည်ဆိုပါက ဗဟိုအစိုးရနှင့် ဝင်ငွေခွဲဝေမှု(Revenue Sharing)လုပ်ဆောင်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။  အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဗဟိုရေကြောင်းပို့ဆောင်ရေးနှင့် ဆိပ်ကမ်းဆိုင်ရာဝန်ကြီး ရှန်တာနူးသာကူးရ်(Shantanu Thakur) လည်း တက်ရောက်ခဲ့သည့် အဆင့်မြင့်အစည်းအဝေးတစ်ခုကို ပြည်နယ် အတွင်းရေးမှူးရုံး(Nabanna)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယခင်က တာဂျ်ပူရ်(Tajpur)ဒေသတွင် တည်ဆောက်ရန်လျာထားခဲ့သည့် ရေနက်ဆိပ်ကမ်းစီမံကိန်းဟောင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းအနေဖြင့် Adani Ports & SEZ ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ကာရန် အဒါနီ(Karan Adani)နှင့်တွေ့ဆုံ၍ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

ဝန်ကြီးချုပ်၏အဆိုအရ အဆိုပြုထားသည့် ရေနက်ဆိပ်ကမ်းသစ်စီမံကိန်းလုပ်ငန်းများကို တာဂျ်ပူရ် ဒေသမှ ၁၀ ကီလိုမီတာခန့်ကွာဝေးသော ဒါဒန်ပတ်ထရာဘာ(Dadanpatrabar)တွင် ပြောင်းရွှေ့ လုပ်ဆောင်သွားမည် ဖြစ်သည်။

ပြည်နယ်အစိုးရအနေဖြင့်လည်း ကာလရှည်ကြာ ကြန့်ကြာနေခဲ့သည့် တာဂျ်ပူရ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်သုံးသပ်ခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါဆိပ်ကမ်းစီမံကိန်းမှာ ဖြစ်နိုင်ခြေမရှိ(Unviable)တော့ဘဲ စီမံကိန်းအသေးစိတ်အစီရင်ခံစာ(DPR)ပြင်ဆင်ရန်အတွက် ရူပီးသန်း ၃၀ အကုန်အကျခံခဲ့ပြီးဖြစ်ကြောင်း၊ “Adani Ports and SEZ အနေဖြင့် တာဂျ်ပူရ်ဆိပ်ကမ်းစီမံကိန်းတွင် ပါဝင်ရန်ကြိုးပမ်း ခဲ့သော်လည်း လုပ်ငန်းအကောင်အထည်ဖော်နိုင်ခြေမရှိသောကြောင့် စီမံကိန်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ် ကြောင်းလည်း သိရှိရသည်။

Source: The Economic Time: West Bengal eyes new deep-seaport in Dadanpatra; Kolkata to enter water metro grid

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့)

Category: International News