International News

အိန္ဒိယနိုင်ငံက GI အသိအမှတ်ပြုလက်မှတ်ရ ‘တက်ဇ်ပူ ကလောင်ချဉ်သီး’ အလေးချိန် ၁ တန်အား ဒူဘိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ်တင်ပို့

Last Updated:

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ စိုက်ပျိုးရေးကုန်သွယ်မှုကဏ္ဍအတွက် ထူးခြားသော သမိုင်းမှတ်တိုင်သစ်တစ်ခုအဖြစ် အာသံပြည်နယ်မှ ဒေသအညွှန်းကိန်း(Geographical Indication - GI) အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် ပရီမီယံအရည်အသွေးမြင့် ‘တက်ဇ်ပူကလောင်ချဉ်သီး’အလေးချိန်တစ်တန်ကို အာရပ်စော်ဘွားများပြည်နယ်၏ ဒူဘိုင်းမြို့သို့ လေကြောင်းခရီးဖြင့် စတင်တင်ပို့လိုက်ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက် အရ သိရှိရသည်။

ယခုကဲ့သို့‘တက်ဇ်ပူကလောင်ချဉ်သီး’များကို ပြည်ပဈေးကွက်သို့ ပထမဆုံးအကြိမ် အောင်မြင်စွာတင်ပို့နိုင်ခဲ့ခြင်းအပေါ် အိန္ဒိယနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနဝန်ကြီး ပီယုရှ်ဂိုရယ်လ်က လှိုက်လှိုက် လှဲလှဲချီးကျူးဂုဏ်ပြုခဲ့ပြီး ၎င်း၏လူမှုကွန်ရက်စာမျက်နှာဖြစ်သော X (ယခင် Twitter)တွင်"အာသံပြည်နယ်ရဲ့ နာမည်ကျော် GI အသိအမှတ် ပြု'တက်ဇ်ပူကလောင်ချဉ်သီး'ဟာ အခုဆိုရင် ပြည်ပဈေးကွက်တွေဆီအထိ ၎င်းရဲ့ချိုမြိန်တဲ့အရသာကို စတင်ဖြန့်ကျက်လို့နေပါပြီ။" ဟု ဝမ်းမြောက်စကားရေးသားဖော်ပြခဲ့ကြောင်း သိရှိရသည်။

၎င်းက ဆက်လက်၍ ယခုကဲ့သို့စတင်တင်ပို့နိုင်ခြင်းသည် အိန္ဒိယအရှေ့ မြောက်ပိုင်းဒေသမှ ထွက်ရှိသော လိုင်ချီးသီးများအတွက် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုကို ရရှိစေမည့်အပြင်၊ စိုက်ပျိုး တောင်သူများအတွက်လည်း ပိုမိုကောင်းမွန်သောအကျိုးအမြတ်များနှင့် ထိုက်တန် သောဈေးနှုန်းကောင်းများကို တိုက်ရိုက်ရရှိခံစားစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အာသံပြည်နယ်တစ်ခုလုံးရှိ အခြားစိုက်ပျိုးရေးထွက်ကုန်များအတွက်ပါ ပြည်ပဈေးကွက်လမ်းကြောင်းသစ်များနှင့်အခွင့်အလမ်းကောင်းများကို ဖွင့်လှစ် ပေးရာရောက်ကြောင်း လေးနက်စွာပြောကြားခဲ့သည်။

အိန္ဒိယအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၎င်း၏လက်အောက်ခံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ဖြစ်သော APEDA (Agricultural and Processed Food Products Export Develop ment Authority)နှင့အနီးကပ်ပူးပေါင်းကာ ရေမြေကောင်းမွန်သော် လည်း ပြည်ပဈေးကွက်နှင့်အလှမ်းဝေးနေခဲ့သည့် အာသံပြည်နယ်၏ စိုက်ပျိုးရေးကုန်သွယ်မှုကိုမြှင့်တင်ရန် မဟာဗျူဟာမြောက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က အခြေခံအဆောက်အအုံလိုအပ်ချက်နှင့် အအေးခန်းထောက်ပံ့ပို့ဆောင်ရေးအားနည်းချက်များကြောင့် ဒေသထွက်သစ်သီးများ ပြည်ပဈေးကွက်သို့တိုက်ရိုက်တင်ပို့ရန် လက်လှမ်းမမီခဲ့သော်လည်း၊ ယခုအခါ အစိုးရနှင့် APEDA တို့၏ စနစ်တကျပံ့ပိုးကူညီမှုကြောင့် ဒူဘိုင်းဈေးကွက်သို့ လတ်ဆတ်မှု မပြတ်တိုက်ရိုက်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

တက်ဇ်ပူကလောင်ချဉ်သီးသည် ကမ္ဘာ့ဈေးကွက်တွင် ဆွဲဆောင်မှုအပြည့်ရှိသောပရီမီယံသစ်သီး တစ်မျိုးဖြစ်ပြီး အစိုးရ၏ထုတ်ပြန်ချက်အရ စိုက်ပျိုးထုတ်လုပ်မှုအချက်အချာကျသော တက်ဇ်ပူဒေသတွင် စီးပွားဖြစ်တင်ပို့နိုင်သည့် ထူးခြားသော မျိုးစိတ်အများအပြားကို စနစ် တကျစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

တက်ဇ်ပူ ကလောင်ချဉ်သီးသည် ၎င်းဒေသ၏ ထူးခြားသော မြေဆီလွှာနှင့် ရာသီဥတုကြောင့်ရရှိလာသော သဘာဝအရည်အသွေးကို ထိန်းသိမ်း ရန်နှင့် ဈေးကွက်အတွင်း အတုအပများရန်မှ ကာကွယ်ရန် GI အဆင့် အတန်း(ဒေသအညွှန်းကိန်းအသိအမှတ်ပြုကတ်)ကို ရရှိထားခြင်းဖြစ် သည်။ ယခုရရှိထားသော GI အဆင့်အတန်းသည် ထုတ်ကုန်၏ အရည် အသွေးနှင့် မူရင်းဒေသကို ခိုင်မာစွာအာမခံချက်ပေးနိုင်သဖြင့် နိုင်ငံ တကာဝယ်ယူသူများအကြား ယုံကြည်မှုကို အဆမတန်မြှင့်တင်ပေးနိုင် ခဲ့သည်။ ၎င်းကတ်ပြားကြောင့်ပင် ဈေးကွက်အတွင်း အသိအမှတ်ပြုမှု ပိုမိုအားကောင်းလာကာ အာသံပြည်နယ်မှပရီမီယံစိုက်ပျိုးရေးထွက်ကုန် များကို ကမ္ဘာ့ဈေးကွက်သို့ တန်ဖိုးမြှင့်(Premium Grade)အဆင့်ဖြင့် တင်ပို့နိုင်ခြင်းဖြစ်ကြောင်းသိရသည်။

အိန္ဒိယအစိုးရအနေဖြင့် နောင်တွင် လေကြောင်းကုန်စည်ပို့ဆောင်ရေးစနစ်များကို ပိုမိုအဆင့်မြှင့်တင်ကာ ကလောင်ချဉ်သီးသာမက အခြားသောဒေသထွက် ပရီမီယံစိုက်ပျိုးရေးထုတ်ကုန်များကိုပါ ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ စဉ်ဆက်မပြတ်တိုးချဲ့တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: FThe Economic Time: India exports 1-tonne of GI-tagged Tezpur Litchi to Dubai

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့)

Category: International News