အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်း(FCI)၏ ကောက်ပဲသီးနှံအိတ်များတွင် QR ကုဒ်(QR Tagging)တပ်ဆင်သည့် စီမံချက်ကို တိုးချဲ့လုပ်ဆောင်ရန်ဆုံးဖြတ်လိုက်ပြီး၊ လက်ရှိ ကုန်သွယ်ရေးရာသီအတွင်း အန္ဓရဒေသ်(Andhra Pradesh)၊ တီလန်ဂါနာ (Telangana)နှင့် ဩဒိဿ (Odisha)စသည့်ပြည်နယ်သုံးခုတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုစီမံချက်သည် ဆန်စက်များမှသည် ဖြန့်ဖြူးရေးစင်တာများသို့ သယ်ယူပို့ဆောင်မည့်ဆန် တန်ချိန် ၂ သန်းကို လွှမ်းခြုံသွားမည်ဖြစ် ကြောင်းသိရသည်။ စားနပ်ရိက္ခာများ၏သွားလာမှုလမ်းကြောင်းတစ်ခုလုံးကို အစအဆုံးခြေရာခံနိုင်ရန်နှင့် ရိက္ခာအိတ်ဟောင်းများကို မသမာနည်းဖြင့် အကြိမ်ကြိမ်ပြန်လည်အသုံးပြုနေခြင်း(Recycling)ကိုတားဆီးရန်ရည်ရွယ်သည့် ယခုလုပ်ဆောင်ချက်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အန္ဓရဒေသ်ပြည်နယ်တွင် ဆန်အိတ်များဖြင့်လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလမှ မေလအတွင်း ပန်ဂျပ် (Punjab)ပြည်နယ်တွင် ဂျုံအိတ်များဖြင့်လည်းကောင်း အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီးနောက် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ သီးနှံဝယ်ယူစုဆောင်းတဲ့ ပြည်နယ်တွေကနေ ဖြန့်ဖြူးမယ့်ပြည်နယ်တွေဆီ သယ်ယူပို့ဆောင်မယ့်ရိက္ခာအိတ်တွေပေါ်မှာ QR Code တွေတပ်ဆင်ဖို့ စီစဉ်နေပါတယ်။ လက်ရှိ ဘဏ္ဍာရေးရာသီမှာတော့ အန္ဓရဒေသ်၊ တီလန်ဂါနာနဲ့ ဩဒိဿပြည်နယ်တွေက ဆန်အိတ်တွေမှာ စတင်လုပ်ဆောင်သွားမှာပါ" ဟု စားနပ်ရိက္ခာဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။ ယခုတိုးချဲ့လိုက်သည့် စမ်းသပ်မှုစီမံချက်အရ ဖော်ပြပါပြည်နယ်သုံးခုမှ ရွေးချယ်ထားသော ခရိုင်အချို့ကို လွှမ်းခြုံဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။ အန္ဓရဒေသ်ပြည်နယ်ရှိ ဆန်စက်များမှ ဖြန့်ဖြူးရေးပြည်နယ်များသို့ ပို့ဆောင်မည့် ဆန်တန်ချိန် ၁၀ သိန်းခန့်ကို QR Code များ တပ်ဆင်သွားမည်ဖြစ်ပြီး၊ တီလန်ဂါနာနှင့် ဩဒိဿပြည်နယ်တို့မှလည်း တစ်ပြည်နယ်လျှင် တန်ချိန် ၅ သိန်းစီ အသီးသီးလွှမ်းခြုံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခု QR Code စနစ်ကြောင့် တာဝန်ရှိသူများသည် ရိက္ခာအိတ်တစ်အိတ်ချင်းစီကို -
- ဝယ်ယူရေးစင်တာ(Procurement Centre)
- ဝယ်ယူခဲ့သည့် အေဂျင်စီ
- မည်သည့် စိုက်ပျိုးထုတ်လုပ်သည့် ရာသီ(Season)မှ ထွက်ရှိခဲ့သည့် ကုန်စည်
စသည်တို့ကို အလွယ်တကူနောက်ကြောင်းပြန် ခြေရာခံနိုင်မည်ဖြစ်သည်။
အဆိုပါရိက္ခာအိတ်များကို သိုလှောင်ရုံများ၌ ထားရှိစဉ်အတွင်း ကျပန်းစနစ်(Random)ဖြင့် Scan ဖတ်စစ်ဆေးမည်ဖြစ်ပြီး၊ ပြည်သူ့ရိက္ခာခွဲတမ်းဆိုင်(Fair-Price Shops)များ၌ စားသုံးသူများထံ ဖြန့်ဖြူးပေးမည့်အချိန်တွင်လည်း ထပ်မံ၍ Scan ဖတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထောက်ပံ့ကြေးပေးအပ်မှုပိုမိုမြန်ဆန်လာစေရန် နည်းပညာဖြင့် ပေါင်းစပ်ခြင်း
ဖြန့်ဖြူးရေးအဆင့်တွင် ထပ်မံတိုးချဲ့စမ်းသပ်မည့် လုပ်ငန်းစဉ်တစ်ခုမှာ ရိက္ခာခွဲတမ်းဆိုင်များရှိ အီလက်ထရွန်နစ်အရောင်းဆိုင်သုံးကိရိယာ (ePoS Device)များတွင် ယခု QR Code ကို ဖတ်ရှု့မှတ်တမ်းတင်ရန်ဖြစ်သည်။ ၎င်းစနစ်ကြောင့် အရာရှိများသည် မည်သည့်ရာသီထွက် သီးနှံကို ပြည်သူများထံဖြန့်ဖြူးပေးနေသည်ကို တိကျစွာသိရှိနိုင်မည်ဖြစ်ပြီး၊ နောင်တွင် ငွေတောင်းခံလွှာများ အလိုအလျောက်ထွက်ရှိလာမည့်စနစ်(Auto-generation of bills)ကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်ရာ အစိုးရ၏ စားနပ်ရိက္ခာထောက်ပံ့ကြေး(Subsidy)ထုတ်ပေးမှုလုပ်ငန်းစဉ်များကို ပိုမိုသွက်လက်စနစ်ကျလာစေမည်ဖြစ်ကြောင်း သိရသည်။
"လက်ရှိမှာတော့ ထောက်ပံ့ကြေးကို ဖြန့်ဖြူးရေးအဆင့်ရောက်မှသာ တွက်ချက်ထုတ်ပေးတာဖြစ်ပါတယ်။ အခု QR Code စနစ်ကြောင့် ဘယ်ရိက္ခာတွေ ဖြန့်ဖြူးလိုက်သလဲဆိုတာကို အတိအကျသိနိုင်တော့မှာဖြစ်ပြီး၊ ငွေတောင်းခံလွှာတွေကို အလိုအလျောက်ထုတ်ပေးတဲ့စနစ်ကိုပါ ဆက်လက်စမ်းသပ်သွားမှာဖြစ်ပါတယ်" ဟု စားနပ်ရိက္ခာဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။ ယခုလုပ်ဆောင်ချက်သည် ဆန်စက်ပိုင် ရှင်များမှသည် အမှန်တကယ်အကျိုးခံစားခွင့်ရှိသည့် ပြည်သူများ လက်ဝယ်သို့ရောက်ရှိသည်အထိ ရိက္ခာအိတ်တိုင်း၏ ခရီးစဉ်လမ်းကြောင်းကို ဒစ်ဂျစ်တယ်စနစ်ဖြင့် တိတိကျကျခြေရာခံနိုင်မည်ဖြစ်၍ ပြည်သူ့ရိက္ခာခွဲတမ်းစနစ်(Public Distribution System - PDS)တွင် တာဝန်ယူမှုတာဝန်ခံမှုအပိုင်းကို ပိုမိုမြင့်မားလာစေမည်ဟု အိန္ဒိယအစိုးရမှ မျှော်လင့်ထားကြောင်း သိရသည်။
Source: The Business Line: Centre expands QR tagging of FCI foodgrain bags to boost traceability
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့)