အမေရိကန်အခွန်နှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်သွားရန် ရှိကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများကို ဆောင်ရွက်နေဆဲဖြစ်ပြီး ပင်ရင်းစည်းမျဉ်းများနှင့် ထိုင်းလုပ်ငန်းရှင်များအနေဖြင့် အကျိုးကျေးဇူးရှိနိုင်ပြီး သိသာသောသက်ရောက်မှုများမရှိစေရေး ဒေသတွင်းတန်ဖိုးပါဝင်မှုကဲ့သို့သော အချို့ပြဿနာရပ်များအပေါ် ဆွေးနွေးရန်လိုအပ်နေသေးပါကြောင်း၊ ထိုင်းလုပ်ငန်းရှင်များကို ထောက်ပံ့ပေးနေစဉ်အတွင်း အမေရိကန်စံနှုန်းများနှင့်ကိုက်ညီရန် လုပ်ထုံး လုပ်နည်းများကို ပြန်လည်ပြင်ဆင်နေပါကြောင်း၊ အမေရိကန်နှင့်ဈေးကွက်ကို ထိန်းထားသကဲ့သို့ ပို့ကုန်အခွင့်အလမ်းများအတွက် ဈေးကွက်များလည်း ရှာဖွေသွားမည်ဖြစ်ကြောင်း၊ အခွန်သဘောတူစာချုပ်ဆိုင်ရာ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ဩဂုတ်လ ၁ ရက်နေ့ အထူးအစည်းအဝေးတွင် မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Chantawit Tantasith က ပြောကြားခဲ့သည်။
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်ထွက်ရှိလာပြီးပါက အစိုးရအနေဖြင့် ဥပဒေဆိုင်ရာလုပ်ငန်းစဉ်များကို စတင်မည်ဖြစ်ပြီး နိုင်ငံ၏ ကုန် သွယ်ရေးလားရာကိုဆုံးဖြတ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်စေ့စပ်ညှိနှိုင်းသွား မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ တရားဝင်ကြေညာချက်ကို စောင့်ဆိုင်းနေပါကြောင်း၊ ယင်းကြေညာချက်ပြီးမှသာ နှစ်နိုင်ငံလုံးမှ ပူးတွဲကြေညာချက်အတွက် စတင်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများသည် ပူးတွဲကြေညာချက်ပြီးနောက် စတင်သွားမည်ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများသည် ၃ လ သို့မဟုတ် ၁ နှစ်ခန့်ကြာမြင့်နိုင်မည်မှာ သတ်မှတ်ထုတ်ကုန်အမျိုးအစားပေါ်မူတည်၍ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ညှိနှိုင်းမှုများအပြီးသတ်ပါက စာချုပ်လက်မှတ်မရေးထိုးမီ ရလဒ်များကို အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ လက်ရှိညှိနှိုင်းမှုများတွင် ဥပဒေအရ စည်းနှောင်ထားသည်များမပါဝင်ပါကြောင်း၊ စာချုပ်ကို နှစ်ဖက်လက်မှတ်ရေးထိုးပြီးမှသာ အသက်ဝင်မည်ဖြစ်ပြီး လက်မှတ်မရေးထိုးမီ လွှတ်တော်ခွင့်ပြုချက်လိုအပ်ပါကြောင်း၊ သွင်းကုန်အခွန်နှင့်စပ်လျဉ်း၍ အမေရိကန်မှ တင်သွင်းလာသော ကုန်စည် အမျိုးအစား ၁၀,၀၀၀ ကျော်ပါဝင်သော ကုန်စည်စာရင်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို အခွန်သုညရာခိုင်နှုန်းသို့ လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ စာချုပ်လက်မှတ်မရေးထိုးမီအချိန်အထိ လက်ရှိနှုန်းထားအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းသည် အမေရိကန်ကုန်စည်များအပေါ် ပျမ်းမျှ ၃ ရာခိုင်နှုန်းကောက်ခံပြီး အမေရိကန်က ထိုင်းပိုကုန်များအပေါ် ပျမ်းမျှ ၁၉ ရာခိုင်နှုန်းကောက်ခံလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် ဝက်သားနှင့် အမဲသားသွင်းကုန်များအတွက် ဈေးကွက်ဖွင့်ပေးရန် စီစဉ်လျက်ရှိပါကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)