ထူးခြားပြီးသီးခြားဖြစ်သည့် အရည်အသွေးမီပြည်တွင်းထုတ်ကုန်များကို စားသုံးသူများက ရှာဖွေလာသည်နှင့်အမျှ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ Geographical Indication(GI)ထုတ်ကုန်များမှ ဝင်ငွေဘတ် ၁၁၄ ဘီလီယံကျော်ရရှိခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “GI products rake in over B114bn this year” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
မူပိုင်ခွင့်ဦးစီးဌာနက ယခုနှစ်အတွင်း GI မှတ်ပုံတင်ခြင်း၊ အရည်အသွေးထိန်းချုပ်ခြင်း၊ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ ဈေးကွက်ရှာဖွေ ရေးမြှင့်တင်ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းရှင်များနှင့် ပြည်သူများကို GI ထုတ်ကုန်ဆိုင်ရာ အသိပညာများမျှဝေပေးခြင်းတို့ကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ GI ထုတ်ကုန်အရေအတွက် ၂၄၄ ခုကို မှတ်ပုံတင်ထားပြီးဖြစ်ရာ တန်ဖိုးအားဖြင့် ဘတ် ၁၁၄ ဘီလီယံဖြစ် ကြောင်း၊ GI ထုတ်ကုန်များသည် ဒေသခံပြည်သူများအတွက်အရေးပါပြီး ယင်းဒေသရှိ ထူးခြားသော ပုံရိပ်ဖြစ်ကြောင်း၊ GI ထုတ်ကုန်များ မှတ်ပုံတင်ခြင်းအတွက် အရည်အသွေးထိန်းချုပ်ခြင်းနှင့် စံနှုန်းများကို တင်းကျပ်လိုက်ခြင်းဖြင့် စားသုံးသူများ၏ ယုံကြည်မှုကို တိုးပွားစေပြီး ၎င်းတို့၏ မျှော်မှန်းချက်နှင့်ကိုက်ညီသဖြင့် ဈေးနှုန်းအမြင့်ကို ရရှိစေပါကြောင်း၊ ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေကိုလည်း တိုးစေကြောင်း မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Auramon Supthaweethum က ပြောကြားခဲ့သည်။
ယခုနှစ်ရရှိသည့် ဝင်ငွေတွင် ပါဝင်သည့် ထိပ်တန်း GI ထုတ်ကုန်များမှာ တာရက်ပြည်နယ် Monthong Khao Bantad ဒူးရင်းသီး၊ ယလာပြည်နယ်မှ Sa Ded Nam ဒူးရင်းသီး၊ ရယောင်းမှ Mon-thong ဒူးရင်းသီး၊ Khao Hom Mali Din Phu Kao Fai Buri Ram ဆန်၊ ပရာကျွန်ခီရီခန်မှ Thap Sakae အုန်းသီး၊ Phrae Spirit၊ ပတ်ချာဘွန်မန်ကျည်းသီးချို၊ စီစခတ်ကြက်သွန်၊ ရတ်ချဘူရိမှ Bang Phae ရေချိုပုဇွန်ကြီးနှင့် နရသီဝတ်မှ Bang Nara ဒူးရီးသီးတို့ဖြစ်ကြောင်း၊ GI ထုတ်ကုန် ၂၀၃ မျိုးကို အရည် အသွေးထိန်းချုပ်ထားပြီး လုပ်ငန်းရှင် ၁၆,၀၀၀ သည် ထိုင်း GI အမှတ်တံဆိပ်အသုံးပြုခွင့် ရရှိထားကြောင်း၊ GI ထုတ်ကုန်အားလုံးအပေါ် အရည်အသွေးထိန်းချုပ်နိုင်ရေး ကြိုးစားလျက်ရှိပါကြောင်း၊ ယင်းစနစ်အရ ထုတ်ကုန်စံနှုန်းများကို တင်းကျပ်ထားပြီး အပြည့်အဝနောက်ကြောင်းပြန်လိုက်နိုင်သဖြင့် ထုတ်လုပ်မှုပမာဏကိုလည်း ထိန်းချုပ်ထားနိုင်ရာ ရလဒ်အဖြစ် ထုတ်ကုန်၏ ရောင်းဈေးသည် GI မှတ်ပုံတင်ပြီးပါက ၂ ဆ မှ ၅ ဆအထိမြင့်တက်လာပါကြောင်း ညွှန် ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
ဦးစီးဌာနအနေဖြင့် စားသောက်ဆိုင်များနှင့် ပူးပေါင်း၍ GI ထုတ်ကုန်များပါဝင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဟင်းချက်သင်တန်းကျောင်းများမှ ပို့ချသည့် သင်ခန်းစာများတွင် GI ပါဝင်ပစ္စည်းများ အသုံးပြုပုံကို သင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများက ဈေးကွက်များကို လေ့လာသုံးသပ်၍ ထိုင်း GI ထုတ်ကုန်များကို အဆင့်မြင့်စားသုံးသူများ၏ လိုလားချက်များနှင့် ကိုက်ညီရန်၊ ထုတ်လုပ်သူများအတွက် အမှာစာပုံမှန်ရရှိရန်နှင့် GI ထုတ်ကုန်များ၏ တန်ဖိုးမြင့်တက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း Mrs. Auramon က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)