ရပ်ဝန်းနှင့်ပိုးလမ်းမဆောင်ရွက်ချက်တစ်လျှောက်မှ နိုင်ငံများနှင့် စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုခိုင်မာစေရေး ကြိုးပမ်းဆောင်ရွက်ချက်အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တူရကီ၊ ဟန်ဂေရီနှင့် အီဂျစ်တို့၌ ဈေးကွက်တိုးမြှင့်ရန် InvestHK က စတင်ဆောင်ရွက်ခဲ့သည်ဟု Hong Kong Business သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်တွင် “InvestHK launches outreach in Türkiye, Hungary, and Egypt” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် မစ္စ Alpha Lau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အစ္စဘူလ်၊ ဘူဒါပက်နှင့် ကိုင်ရိုမြို့များသွားရောက်ပြီး၊ မေလ ၁၁ ရက်၌ တူရကီကုမ္ပဏီများတွေ့ဆုံခြင်းနှင့် အစ္စတန်ဘူလ်ကုန်သည်ကြီးများအသင်းနှင့် တူရကီနိုင်ငံခြားစီးပွားဆက်သွယ်ရေးဘုတ် အဖွဲ့မှ ပြုလုပ်သည့်အခမ်းအနားများသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း ကမ္ဘာ့ဘဏ္ဍာရေးနှင့် စီးပွားရေးအချက်အခြာဒေသတစ်ခုဖြစ်သည့် ဟောင်ကောင်ဒေသ၏အားသာချက်ကို အသုံးပြု၍ တူရကီ၊ ဟန်ဂေရီနှင့် အီဂျစ်နိုင်ငံတို့မှ လုပ်ငန်းများအနေဖြင့် ဟောင်ကောင်ဒေသမှတစ်ဆင့် တရုတ်ပြည်မနှင့် အာရှ-ပစိဖိတ်ဒေသတို့သို့ တိုးချဲ့နိုင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ အခွန်နှုန်းထားနိမ့်ကျခြင်း၊ အရင်းအနှီးများလွတ်လပ်စွာစီးဆင်းနိုင်ခြင်း၊ တစ်နိုင်ငံစနစ်နှစ်မျိုးကျင့်သုံးမှုအောက်တွင် common law မူဘောင်အသုံးပြုမှုကဲ့သို့သော ဟောင်ကောင်ဒေသ၏စီးပွားရေးလုပ်ငန်းများအတွက် သဟဇာတဖြစ်သည့်မူဝါဒများနှင့် ဒေသ၏အားသာချက်များကိုလည်းကောင်း မြှင့်တင်ဆွေးနွေးသွားမည်ဖြစ် ကြောင်း ရေးသားဖော်ပြထားပါသည်။
ခရီးစဉ်အတွင်း မေလ ၁၃ ရက်တွင် ဟန်ဂေရီနိုင်ငံ၊ မေလ ၁၇ ရက်တွင် အီဂျစ်နိုင်ငံတို့သို့ အသီးသီးသွားရောက်၍ စီးပွားရေးလုပ်ငန်းများနှင့်တွေ့ဆုံခြင်း၊ အသင်းအဖွဲ့များမှပြုလုပ်သည့် အခမ်းအနားများသို့တက်ရောက်ခြင်းများ ပြုလုပ်မည်ဖြစ်ပါ သည်။
စာရင်းဇယားများအရ ၂၀၂၄ ခုနှစ်အတွင်း တူရကီနိုင်ငံသည် ဟောင်ကောင်ဒေသ ၏အဆင့် ၃၀ ရှိသည့် ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ ကုန်စည်ကုန်သွယ်မှုတန်ဖိုး ဟောင်ကောင်ဒေါ်လာ ၁၆.၆ ဘီလီယံရှိကြောင်း၊ ဟန်ဂေရီနိုင်ငံသည် ဟောင်ကောင်ဒေသ၏ ၃၃ နိုင်ငံမြောက် ကုန်သွယ်ဖက်ဖြစ်ကာ ဟောင်ကောင်ဒေသကိုဖြတ်သန်း၍ ဟန်ဂေရီနှင့်တရုတ်ပြည်မအကြား ကုန်သွယ်မှုတန်ဖိုး ဟောင်ကောင် ဒေါ်လာ ၉.၄ ဘီလီယံရှိကြောင်း၊ အလားတူ အီဂျစ်နှင့် ဟောင်ကောင်ဒေသတို့အကြား နှစ်ဖက်ကုန်သွယ်မှု ဟောင်ကောင်ဒေါ်လာ ၂.၁ ဘီလီယံရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ခရီးစဉ်၌ ၂၀၂၃ ခုနှစ်အတွင်း အီဂျစ်နိုင်ငံနှင့်ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ၊ ၂၀၂၅ ခုနှစ် အတွင်း တူကရီနိုင်ငံ၊ Izmir မြို့တွင် InvestHK ရုံးသစ်တစ်ရုံးဖွင့်လှစ်ခဲ့ခြင်းအပါအဝင် နှစ်ဖက်အကြား ရှိရင်းစွဲဆောင်ရွက်ချက်များမြှင့်တင်ရန်နှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေးနှင့် ဈေးကွက်ဝင်ရောက်ရေးကြိုးပမ်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရေးသားဖော်ပြထားပါသည်။
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)