အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားတွင် ဖြတ်သန်းသွား လာသည့်သင်္ဘောများအပေါ် အခကြေးငွေကောက်ခံမည်ဟု ပြောကြားခဲ့ခြင်းနှင့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများပြန်လည်ကျင့်သုံးခြင်းတို့သည် ဈေးကွက်အခြေ အနေကိုအထိတ်တလန့်ဖြစ်စေခဲ့ကြောင်း၊အဆိုပါသတင်းကြောင့်ဥရောပဈေးကွက် များကျဆင်းခဲ့ပြီး ရေနံဈေးနှုန်းများသည် တစ်လအတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကာ ၁၄-၇-၂၀၂၆ ရက်)တွင် တစ်စည်လျှင် ၈၆ ဒေါ်လာကျော်သို့ မြင့်တက်သွားခဲ့ကြောင်း သိရှိရပါသည်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမှုအပေါ် အခကြေးငွေကောက်ခံမည့်ကိစ္စသည် ရေကြောင်းအာဏာပိုင်များနှင့် သင်္ဘောလုပ်ငန်းရှင်များကို အလွန်အမင်းထိတ်လန့်စေခဲ့ပြီး၊ ၎င်းတို့က အပြည်ပြည်ဆိုင်ရာဥပဒေအရ ရေကြောင်းသွားလာခွင့်လွတ်လပ်မှုကို ထောက်ပြပြောဆိုခဲ့ကြကြောင်း၊ဂျာမန်သင်္ဘောကုမ္ပဏီဖြစ်သည့် Hapag-Lloyd က ၁၄-၇-၂၀၂၆ ရက်တွင်ထုတ်ပြန်သည့် ကြေညာချက်၌ နိုင်ငံ တကာရေကြောင်းဖြတ်သန်းခွင့်အတွက်အခကြေးငွေကောက်ခံခြင်းသည် မှားယွင်း သည်ဟုထောက်ပြခဲ့ကြောင်း၊ သင်္ဘောလုပ်ငန်းဆိုင်ရာ ကမ္ဘာ့စံသတ်မှတ်ရေးအဖွဲ့ဖြစ်သည့် ကုလသမဂ္ဂလက်အောက်ခံနိုင်ငံတကာရေကြောင်းအဖွဲ့(International Maritime Organization-IMO) က အမေရိကန်သမ္မတ၏ပြောကြားချက်နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို ဆက်လက်စောင့်ဆိုင်းလျက်ရှိသည်ဟုဆိုကြောင်း၊ နိုင်ငံတကာရေကြောင်းသွားလာမှုဆိုင်ရာ ရေလက်ကြားများကို ဖြတ်သန်းခွင့်အတွက် အခကြေးငွေကောက်ခံခြင်းကို IMO က ဆန့်ကျင်ကြောင်းနှင့် ရေလက်ကြားတစ်ခုကို ဖြတ်သန်းရုံဖြင့် အခကြေးငွေပေးဆောင်ရသည့်စနစ်ကို ဆောင်ရွက်ရန် ဥပဒေအရခွင့်ပြုထားခြင်းမရှိဟု အဆိုပါအဖွဲ့အစည်း၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း၊ ရေကြောင်းကုန်သွယ်မှုဆိုင်ရာ လေ့လာ သူများ၊ ရေကြောင်းကုမ္ပဏီများကလည်း နိုင်ငံတကာရေကြောင်းသွားလာမှုဆိုင်ရာ လွတ်လပ်ခွင့်ရှိခြင်းနှင့် အခကြေးငွေကောက်ခံမှုသည် ကျိုးကြောင်းဆီလျော်မှုမရှိခြင်းတို့နှင့်စပ်လျဉ်း၍ ထောက်ပြပြောဆိုမှုများရှိကြောင်း သိရှိရပါသည်။
Source: The Washington Post
(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)