ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ် မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Arada Fuangthong ၏ထုတ်ပြန်ချက်အရ ပြည်တွင်း၌ အုန်းသီးအစိမ်း(Mature Coconuts)များလှိုင်လှိုင်ထွက်ရှိပြီး စျေးနှုန်းထိုးကျနေသည့် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ပြည်ပမှ အုန်းသီးတင်သွင်းမှုများကို တင်းကျပ်စွာထိန်းချုပ်ပြီး ပြည်တွင်းဝယ်လိုအားမြှင့်တင်ရန် အရေးပေါ် အစီအမံများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုလုပ်ငန်းစဉ်သည် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားကူးသန်းဝန်ကြီး Ms. Supajee Suthamphan ၏ ညွှန်ကြား ချက်အရ တောင်သူများထိခိုက်နစ်နာမှုလျော့နည်းစေရန်နှင့် အုန်းသီးစျေးကွက်အတွင်း မျှခြေတစ်ခုဖန်တီးရန် ချက်ချင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။
နိုင်ငံတကာကုန်သွယ်မှုဦးစီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ အခွန်ကိုတာပြင်ပမူဘောင်နှင့် အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ(AFTA)မူဘောင်အောက်ရှိ အုန်းသီးတင်သွင်းမှုစည်းမျဉ်းများကို တင်းကျပ်စွာစစ်ဆေးလျက်ရှိကြောင်း၊ လက်ရှိတွင် AFTA မူဘောင်အောက်၌ စက်ရုံပြင်ပသို့ အုန်းသီးများလွှဲပြောင်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် အပြင်စက်ရုံများတွင် အငှားကြိတ်ခွဲခြင်း များကို လုံးဝပိတ်ပင်ထားပြီး တင်သွင်းမှုကိုလည်း ဗန်ကောက်ဆိပ်ကမ်းနှင့် လမ်ချာဘန်း(Laem Chabang)ဆိပ်ကမ်းနှစ်ခု၌သာ ကန့်သတ်ခွင့်ပြုထားကြောင်း၊ ထို့ပြင် ယခုနှစ်အတွင်း ပြည်တွင်း၌ အုန်းသီးအထွက်နှုန်းများပြားပြီး စျေးကွက်ပျက်နေသဖြင့် ဌာနအနေဖြင့် ပြည်ပသွင်းကုန်လုပ်ငန်းရှင်ကြီး ၁၀ ခု နှင့်ညှိနှိုင်းကာ အုန်းသီးတင်သွင်းမှုများကို ဇူလိုင်လအတွင်း ယာယီဆိုင်းငံ့ထားရန်နှင့် ပြည်တွင်းရှိ ပိုလျှံနေသော အုန်းသီးအလုံးရေ ၁၀ သန်းကျော်ကို အမြန်ဆုံးဝယ်ယူရှင်းလင်းပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
ပြီးခဲ့သည့် ဇူလိုင် ၅-၆ ရက်များတွင် နိုင်ငံတကာကုန်သွယ်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Duang-arthit Nithiuthai ဦးဆောင်သောအဖွဲ့သည် အုန်းသီးအဓိကစိုက်ပျိုးရာ ပရာကျွတ်ခီရီခန် (Prachuap Khiri Khan)နှင့် ချွန်ဖွန်(Chumphon)ပြည်နယ်များသို့ ကွင်းဆင်းကာ တောင်သူအစုအဖွဲ့များ၊ ကုန်သည်များနှင့်တွေ့ဆုံ၍ မြေပြင်အခြေအနေကို စစ်ဆေးခဲ့ကြောင်း၊ဌာန၏ တင်းကျပ်သော မူဝါဒကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မေလအထိ ၅ လတာအတွင်း ထိုင်းနိုင်ငံ၏ အုန်းသီးတင်သွင်းမှုမှာ တန်ချိန် ၇၉,၁၂၆.၉၉ သာရှိတော့ပြီး ယခင်နှစ်အလားတူကာလတန်ချိန် ၁၈၈,၈၅၈.၂၂ နှင့်နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းနီးပါးသိသိသာသာလျော့ကျသွားခဲ့ကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံ၏အုန်းနို့နှင့် အေးခဲအုန်းနို့ပို့ကုန် တန်ဖိုးမှာ အဆိုပါ ၅ လအတွင်း ဘတ် ၆,၁၃၄.၀၈ သန်းကျော်အထိရှိနေသဖြင့် ပြည်ပပို့ကုန်အခွင့်အလမ်းကောင်းမွန်နေဆဲဖြစ်ကြောင်း၊ ဌာနအနေဖြင့် မြေပြင်မှရရှိသော အချက်အလက်များနှင့် တောင်သူများ၏ အကြံပြုချက်များကို ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်ဆီကော်မတီထံ တင်ပြကာ မူဝါဒအဆင့်တွင် ရေရှည်တည်တံ့သော ဖြေရှင်းချက်များဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်းဖြင့် သိရှိရပါ သည်။
ကိုးကား Ministry of Commerce, Thailand)
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)