International News

ထိုင်းအစိုးရက “သစ်သီးဝလံပွဲတော်ကြီး”ကို ဗန်ကောက်မြို့လယ်၌ ကျင်းပ၊ GI အသိအမှတ်ပြုသီးနှံများနှင့် ဒေသကြီး ၄ ခုမှ နာမည်ကြီးသစ်သီးများကို တောင်သူများထံမှ တိုက်ရိုက်ရောင်းချပေးနေ

Last Updated:

ထိုင်းနိုင်ငံ အစိုးရသည် “Fresh From Farm: The Marvel of Fruits from 4 Regions” ဟုခေါ်သည့် ဒေသကြီး ၄ ခုမှ လတ်ဆတ်သော သစ်သီးဝလံများပွဲတော်ကြီးကို ဘန်ကောက်မြို့လယ်ရှိ City Hall Plaza ၌ ကျင်းပလျက်ရှိပြီး၊ ပြည်သူများအနေဖြင့် တောင်သူများထံမှ အရည်အသွေးမြင့်ရာသီပေါ်သီးနှံများကို တိုက်ရိုက်လာရောက်အားပေးကြရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။ ယခုပွဲတော်ကို စိုက်ပျိုး ရေးနှင့် သမဝါယမဝန်ကြီးဌာန(သမဝါယမမြှင့်တင်ရေးဦးစီးဌာန)နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန) တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်အထိကျင်းပနေခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ရုံး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Patthadarasmi Thongslueykorn ၏ထုတ်ပြန်ချက်အရ ယခုပွဲတော်သည် စားသုံးသူများအတွက် ဘေးကင်းပြီး အရည်အသွေးမြင့်မားသည့် သစ်သီးဝလံများကို တရားမျှတသောဈေးနှုန်းဖြင့်တိုက်ရိုက်ဝယ်ယူနိုင်မည့် နေရာတစ်ခုဖန်တီးပေးရန်နှင့် ထိုင်းတောင်သူ များအတွက် ဈေးကွက်ချဲ့ထွင်ကာ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်သည်။ ပွဲတော် အတွင်း ထိုင်းနိုင်ငံတစ်ဝန်းရှိ သမဝါယမအဖွဲ့များ၊ လယ်သမားအစုအဖွဲ့များနှင့် လူထုအခြေပြုလုပ်ငန်းများမှ GI(Geographical Indication)ဒေသဆိုင်ရာအညွှန်းအသိအမှတ်ပြု ထုတ်ကုန်များ၊ Q-certified အရည်အသွေးမီလယ်ယာထွက်ကုန်များနှင့် ပြုပြင်မွမ်းမံထားသော ကုန်ပစ္စည်းအရောင်းဆိုင်ပေါင်း ၅၀ ကျော်ပါဝင်ပြသထားသည်။

ပွဲတော်တွင် ထိုင်းနိုင်ငံ၏ ဒေသအသီးသီးမှထွက်ရှိသော နာမည်ကြီးရွှေရောင်မတ်မုံသီး(Golden longan)၊ ဖူလဲနာနတ်သီး(Phulae pineapple)၊ ထုံချန်းကြက်မောက်သီး(Thung Chang rambutan)၊ မီးတောင်ဒူးရင်းသီး(Volcanic durian)၊ပါလအူဒူးရင်းသီး(Pala-U durian)၊ မင်းကွတ်သီး၊ ထပ်သင်းဆီယမ်ကျွဲကောသီး(Thap Thim Siam pomelo)၊ ခေါင်ယိုင်ကျွဲကောသီး၊ အုန်းသီးနှင့် ရွှေဖရဲငှက်ပျောသီး (Golden banana)စသည့်သီးနှံစုံကို တစ်နေရာတည်းတွင် စုံလင်စွာဝယ်ယူနိုင် သည်။ ၎င်းအပြင် ပွဲတော်ရက် ၅ ရက်အတွင်း နေ့စဉ် Flash Sales အထူးလျှော့ဈေးအစီအစဉ် ၂ ကြိမ်ပြုလုပ်ပေးခြင်း၊ သစ်သီးထုဆစ်မှုသရုပ်ပြခြင်း၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ဝပ်ရှော့များနှင့် “CO-OP Easy Shop” ပလက်ဖောင်းသစ်နှင့် သမဝါယမဖြန့်ဖြူးရေးစင်တာ(CDC)တို့ကို မိတ်ဆက်ပေးခြင်း စသည့်လှုပ်ရှားမှုများစွာပါဝင်သည်။ တောင်သူများကို ရေရှည်ကူညီနိုင်ရန်အတွက် ဇူလိုင် ၁၄ ရက်မှ ၁၅ ရက်အထိ ကုန်သွယ်မှုအကျိုးဆောင်များနှင့် ဟိုတယ်၊ ပုဂ္ဂလိကကဏ္ဍမှ အဝယ် တော်ကြီးများအကြား Business Matching(စီးပွားရေးချင်းချိတ်ဆက်မှု)လှုပ်ရှားမှုများကိုပါ ထည့်သွင်းကျင်းပပေးနေကြောင်း သိရှိရပါသည်။

ကိုးကား -Ministry of Commerce, Thailand

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News