အာရပ်စော်ဘွားများပြည်ထောင်စုနှင့် သြစတြေးလျနိုင်ငံတို့သည် နှစ်နိုင်ငံဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA) ကို တရားဝင်စတင်အသက်သွင်းဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံစီးပွားဆက်ဆံရေးတွင် အဓိကမှတ်တိုင်တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။
အဆိုပါသဘောတူညီချက်မှာ ကုန်သွယ်မှုကို တိုးချဲ့ရန်၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအား တိုးမြှင့်ရန်နှင့်စက်မှုလုပ်ငန်းအများအပြားတို့တွင် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ဆောင်ရွက်သွားကြရန်ရည်ရွယ်ထားပါသည်။
၂၀၂၄ ခုနှစ်အတွင်း နှစ်နိုင်ငံအကြား နှစ်စဉ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံရှိခဲ့ရာမှ အဆိုပါ CEPA အရ ၂၀၃၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ မြှင့်တင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ယူအေအီးနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့၏ ရေနံမဟုတ်သော ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၀၃ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၃.၄ % တိုးတက်လာခဲ့ကာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆက်ဆံမှုများ မြင့်တက်လာလျက်ရှိပါသည်။
သဘောတူညီချက်တွင် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် စျေးကွက်ဝင်ရောက်မှုအား လွယ်ကူချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများအတွက် ခိုင်မာသောမူဘောင်တစ်ရပ်ချမှတ်သွားနိုင်ရန်ရည်ရွယ်ထားပါသည်။အာရုံစိုက်ဆောင်ရွက်သွားမည့် အဓိက ကဏ္ဍများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက် အအုံကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍနှင့် နည်းပညာကဏ္ဍစသည်တို့ပါဝင်ပါသည်။
ယူအေအီးနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်မှု ၀န်ကြီး Dr. Thani bin Ahmed Al Zeyoudi က အဆိုပါ CEPA သည် ၎င်းတို့၏ စီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရာတွင် အဓိကကျသော ခြေလှမ်းတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အတွက် လမ်းကြောင်းသစ်များအား ဖွင့်လှစ်နိုင်မည့် ယူအေအီးနိုင်ငံ၏ အခန်းကဏ္ဍအပေါ် အလေးပေးပြောကြားခဲ့ပါသည်။
သြစတြေးလျနိုင်ငံသည် ယူအေအီးနိုင်ငံအား အရှေ့အလယ်ပိုင်းဒေသတွင် ၎င်းတို့၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားရှိပြီး ယူအေအီးနိုင်ငံမှာ ၎င်းတို့၏ကမ္ဘာ့အဆင့် ၂၀ မြောက်အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပါသည်။ ၎င်း CEPA သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသ(MENA)တို့၌ သြစတြေးလျနိုင်ငံ၏ ပထမဆုံးသော ကုန်သွယ်မှုသဘော တူညီချက်ကို ကိုယ်စားပြုထားပြီး အပြန်အလှန်ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနှင့် ယူအေအီးနိုင်ငံတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသော သြစတြေးလျကုမ္ပဏီ ၃၀၀ တို့အပေါ် အခြေခံထားရှိပါသည်။
ယူအေအီးနိုင်ငံ၏ CEPA အစီအစဉ်သည် ၎င်းတို့၏ ကျယ်ပြန့်သော စီးပွားရေးအမြင်အတွက် အဓိကထားခြင်းဖြစ်ပြီး၊ ၂၀၃၁ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံနှင့် အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံကျော်အထိ စီးပွားရေးနှစ်ဆတိုးလာစေရန် ရည်ရွယ်ထားပါသည်။ ဤသဘောတူညီချက်သည် ယူအေအီးနိုင်ငံမှ အောင်မြင်စွာ လက်မှတ်ရေးထိုးထားရှိထားသည့် CEPA ၃၁ ခုအနက်မှ နောက်ဆုံးတစ်ခုဖြစ်ပြီး စျေးကွက်ဝင်ရောက်ခွင့်ကို ချဲ့ထွင်ရန်နှင့် နိုင်ငံ တကာကုန်သွယ်ရေးတွင် ချိတ်ဆက်မှုများအား သန်မာလာစေမည်ဖြစ်ပါသည်။
ယခု CEPA အသက်ဝင်လာသည်နှင့်အမျှ နှစ်နိုင်ငံစလုံးသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာတိုးမြှင့်လုပ်ဆောင်သွားကြမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတွင် တိုးပွားလာသောအခွင့်အလမ်း များအား အသုံးချသွားရန်အသင့်ရှိနေကြောင်း သတင်းဖော်ပြထားပါ သည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)